(နှစ်ပေါင်း ၁၀၀ ကျော်ရှိ ခရစ်ယာန်ဘုရားကျောင်းများလည်း ပါဝင်)
ငလျင်ကြောင့် နှစ်ပေါင်း သက်တမ်း ၁၀၀ ကျော် ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ဘုရားကျောင်း ၂၀ ပျက်စီးသွားကြောင်း သိရသည်။
၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြန်မာပြည်အလယ်ရှိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူး၊ ရှမ်း တို့တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သည်။
မန္တလေးမြို့က စိန့်ဂျိုးဇက်၊ စိန့်မိုက်ကယ်၊ ချမ်းသာကုန်း၊ ရှင်မာရိ စသည့် ခရစ်ယာန်ဘုရားကျောင်းများနှင့် ရမည်းသင်းမြို့နယ်က ဆုတောင်းပြည့်လုဒ်မယ်တော်၊ ဇော်ဂျီဘုရားကျောင်းတို့ ပျက်စီးသွားသည်။
မန္တလေးမြို့က စိန့်ဂျိုးဇက်ဘုရားကျောင်းမှာ နှစ်ပေါင်း သက်တမ်း ၁၀၀ ကျော်ရှိသော ခရစ်ယန်ဘုရားကျောင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည် တောင်ကြီးမြို့က စိန့်ဂျိုးဇက် ဘုရားကျောင်းနှင့် ကလေမြို့က AG ဘုရားကျောင်းလည်း ပျက်စီးသွားသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ်က ယေဇူးရွှေနှလုံး ဘုရားကျောင်းနှင့် နေပြည်တော် ပျဉ်းမနားမြို့နယ်က တောင်မြင့်တိုက်နယ်ဘုရားကျောင်း၊ နန်းကီတိုက်နယ်ဘုရားကျောင်းတို့လည်း ပျက်စီးသွားသည်။
ယနေ့ မတ်လ ၂၉ ရက် နံနက် ၁၂ နာရီ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီး ဒဏ်ရာရရှိသူ ၂၄၀၀ ခန့်ရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရ ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း အဆောက်အဦး ၃၀၀၀ နီးပါးနှင့် တံတား ၇ စင်း၊ လမ်းပေါင်း ၃၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။