နိုင်ငံတဝန်း ငလျင်ဒဏ်သင့်နေသော အချိန် ကယ်ဆယ်ရေး တစ်စုံတစ်ရာ မလုပ်ဆောင်ဘဲ စစ်ကောင်စီက မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ဗန်းမော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတဝန်း ငလျင်ကြောင့် လူ ထောင်ချီ သေကြေပျက်စီးမှုနှင့် နေအိမ်အဆောက်အအုံ ပြိုကျ ပျက်စီးမှုကြောင့် အခက်အခဲဖြစ်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းက အရပ်သားများနေထိုင် နေရာများကို ဗုံးကြဲတိုက်ခိုက်နေသည်။
ယနေ့ မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းသို့ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ၁ စီးဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက် ပျက်စီးမှုတစ်ချို့ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက “လေကြောင်းကနေ တိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရ သေးလို့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး”ဟုပြောသည်။
ထို့အပြင် မိတ္တီလာလေတပ်မှ တက်လာသော စစ်တိုက်လေယာဉ်က ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ အထိအခိုက် အပျက်အစီး မသိရှိရသေးကြောင်း သိရသည်။
မကွေးတိုင်းအတွင်း စစ်ရှောင်အရေးကူညီနေသူတစ်ဦးက “ဒီလေယာဉ်တွေ က မန္တလေးနဲ့ စစ်ကိုင်း ပြီးတော့ ငလျင်သင့်တဲ့ နေရာတွေကို သွားကူပေးရမှာ။ ဒီလိုအချိန် ဒီလို ဒုက္ခရောက်နေတဲ့အချိန်မှာ မသွားဘဲ အရပ်သားတွေ နေတဲ့ နေရာတွေကို လာပြီးတော့ ဗုံးကြဲတယ်။ ဒီလို အတိ ဒုက္ခရောက်နေအချိန်မှာ လူတွေ သေဆုံးနေပြီး ကြေကွဲနေတဲ့အချိန် လူတွေကို ထပ်မံ သတ်ဖြတ်တယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ပြောစရာ စကားလုံးတောင် ရှာမရတော့ဘူး။ ဒီတိုင်းပြည်မှာ ဒီလူတွေ မရှိမှ တိုင်းပြည်အေးချမ်းတော့မှာ၊ တော်တော် အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်တယ်”ဟုပြောသည်။



မတ်လ ၂၈ ရက် နိုင်ငံတဝန်း ငလျင်လှုပ်ခတ်ပြီး မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နောင်ချိုမြို့နယ် ကံကြီးကျေးရွာနှင့် နောင်လင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နောင်လင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဗုံးခိုကျင်းတွင် ဝင်ပုန်းနေသော DPLA ဓနုတပ်ဖွဲ့မှ စစ်မေ ၆ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီသည် ကရင်ပြည်နယ် KNU တပ်မဟာ ၇ နယ်မြေရှိ လေးဝါးကျေးရွာသို့မတ် ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး ညနေ ၄ နာရီဝန်းကျင်တွင် အသေခံဒရုန်း ကာမီကာဇေများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယင်းအပြင် ညနေ ၈ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေးကျေးရွာကိုလည်း စစ်ကောင်စီက လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ဖြူးမြို့နယ် ကျေးရွာများကိုလည်း မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မတ်လ ၂၈ ရက် အင်အားပြင်း ငလျင်လှုပ်ခတ် အပြီး စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်မှုသည် အလွန်ဆိုးရွားပြီး လက်သင့် ခံစရာနိုင်စရာ အခြေအနေ လုံးဝမရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်သည်။
ငလျင်ဒဏ်ကြောင့် နိုင်ငံအနှံ့ လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လုပ်နေကာ သေဆုံးမှုနှုန်းများ လည်းဆက်လက်မြှင့်တက်နေချိန်တွင် စစ်ကောင်စီ လေကြောင်းဗုံး ကြဲမှုများ လုပ်လာခြင်း ဖြစ်သည်။
1 Comment
yn25ym