ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် အနက်ပေ ၁၀၀ ကျော်ရှိသော ကျင်း(တွင်း) ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး နောက်ရက် မတ်လ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် မြေစတင်ပြိုကျကာ တစ်ဖြေးဖြေး တွင်းငယ် ဖြစ်ပေါ်ရာကနေ ကျင်းကြီးအဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ကျင်းကြီးမှာ မြေသား တိုက်စားလျက်ရှိပြီး တွင်းမှာ တစ်ဖြေးဖြေး အနက်ပေ များလာသလို ကျင်း အကျယ်လည်း တိုးလာနေကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။
မြန်မာပြည်အလယ်ပိုင်းဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့ကို ဗဟုပြုပြီး လှုပ်ခတ်ခဲ့သော ငလျင်မှာ ကရင်နီပြည်နယ်ကိုလည်း ရိုက်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျင်းကြီးမှာ အနက်ပေနှင့် အကျယ် တိုးလာနေ၍ ဒေသခံပြည်သူများမှာ အနားသို့ သွားရောက် မကြည့်ရှုရဲကြောင်းနှင့် အဝေးကနေပဲ လှမ်းကြည့်နေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ငလျင်ကြောင့် ကရင်နီပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦး အပါအဝင် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းက နမ်းစံဖူးချောင်းတွင် ၃ ပေကျော် ရေကျဆင်းခဲ့ပြီး ရေများလည်း အရောင် ပြောင်းလဲနေသည့်အတွက် ယခုအချိန်အထိ ဒေသခံပြည်သူများမှာ အသုံးပြု၍ မရသေးကြောင်း ပြောဆိုကြသည်။