ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်တားစီး စစ်ဆေးမှုကြောင့် ငလျင်ဘေးသင့် ဒေသများကို အရေးပေါ်ကူညီကယ်ဆယ်ရေး သွားလာသည့်အခါ လမ်းခရီးတွင် အချိန်ကြန့်ကြာမှုများရှိသည်ဟု ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
“ယနေ့ချိန်ထိ အမြန်လမ်းတွေကို Lockdown သတ်မှတ်ချက်ရှိနေတဲ့အတွက် ည ၁၂ နာရီမှ မနက် ၄ နာရီ အမြန်လမ်းပေါ် သွားခွင့်မပေးသေးပေ။ စစ်ကောင်စီက ငလျင်ဘေးသင့် ဒေသတွေကို ကူညီကယ်ဆယ်ရေးအတွက် ယခုလိုချိန်မှာ အချိန်ပြည့် ဖြတ်သန်းခွင့် ပေးသင့်ပါတယ်” ဟု အမည်မဖော်လိုသည့် ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက လုံခြုံရေးအကြောင်းပြ၍ ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဖြတ်သန်းခွင့် ပိတ်ထားသည်မှာ ၂ နှစ်နီးပါးရှိနေပြီဖြစ်သည်။
ငလျင်ဘေးခံစားခဲ့ရသည့် ဒေသများတွင် မြို့အဝင်အထွက်ကို စစ်ကောင်စီက ကူညီထောက်ပံရေး ပစ္စည်းများကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ကယ်ဆယ် ရေးအဖွဲ့တစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
“ငလျင်သင့်ပြည်သူတွေ အကူအညီတွေ အမြန်ဆုံး ရရှိနိုင်ဖို့ ဖြတ်သန်းသွားလာခွင့်တွေ၊ စစ်ဆေးတာတွေကို လွယ်လွယ်ကူကူဖြစ်အောင် လုပ်ပေးသင့်ပါတယ်” ဟု ပြောသည်။
သဘာဝဘေး အရေးပေါ်အခြေအနေ ဖြစ်နေချိန်တွင် လမ်းအသုံးပြုခွင့်ကို အချိန်ပြည့် ခွင့်ပြုပေးရန် ကယ်ဆယ်ရေးအဖွဲ့မျးက တောင်းဆိုနေကြခြင်းဖြစ်သည်။


မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုလဲခဲ့သော မန္တလေးနှင့် နေပြည်တော်က အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့ကို ရပ်နားထားခဲ့ရာကနေ မနက်ဖြန် ဧပြီလ ၄ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီး လေယာဉ်များ ပုံမှန်ပြေးဆွဲ သွားလာမှု ရရှိပြီဟု စစ်ကောင်စီ ဝါဒါဖြန့် မီဒီယာများက ကြေညာထားသည်။
ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်အထိ စစ်ကောင်စီ ထုတ်ပြန်ထားသော စာရင်းအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦးနှင့် ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိကြောင်း သိရသည်။