ငလျင်ဒဏ်ကို ဆိုးရွားစွား ခံစားနေကြရသည့် မြန်မာပြည်သူများအား အမေရိကန်နိုင်ငံက နောက်ထပ် ဒေါ်လာ ၇ သန်း ပေးအပ်မည်ဟု အမေရိကန်ရန်ကုန်သံရုံးမှ ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကနဦးပေးအပ်မည်ဟု မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
ဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ ငလျင်သင့် မြန်မာပြည်သူများကို ဒေါ်လာ ၇ သန်းကို ထပ်တို့း အသုံးပြုကာ အမေရိကန်၏ အကူအညီမှာ စုစုပေါင်း ဒေါ်လာ ၉ သန်း ဖြစ်သည်။
ထို့အပြင် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အာဆီယံ အပြင် အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဩစတြလျ၊ နော်ဝေ စသည့် နိုင်ငံများက ထောက်ပံ့ငွေ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ ထက်မနည်း ကူညီပေးထားကြောင်း သိရသည်။
ယင်းအပြင် ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်အတွက် အလှူငွေများ လက်ခံသည့် အခမ်းအနားမှာတွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နိုင်ငံတော်ဘတ်ဂျက်မှ ငွေကျပ် ဘီလီယံ ၅၀၀ အသုံးပြုသွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကတိပေး ပြောဆိုခဲ့သည်။
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်တွင် မြန်မာပြည်အလယ်ပိုင်းဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ မကွေး၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့သည်။
ဧပြီလ ၃ ရက်နေ့ နံနက် ၈ နာရီ စစ်ကောင်စီ၏ စာရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ ၃၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦးရှိလာကြောင်း သိရသည်။