ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီလ ၃ ရက်နှင့် ၄ ရက် နှစ်ရက်တာကျင်းပသော ဘင်းမ်စတက် အစည်းအဝေး၌ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဘူတန်ဝန်ကြီးချုပ် Tshering Tobgay တို့ တွေ့ဆုံခဲ့ကြသည်။
မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အကြောင်း ဘူတန်ဝန်ကြီးချုပ်က ၎င်း၏ လူမှုကွန်ရက် Facebook ပေါ်တွင် ပုံနှင့်တကွ ဧပြီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့သည်။
ဘူတန်ဝန်ကြီးချုပ်၏ ပို့စ်ထဲတွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံရသည်ကို ဝမ်းမြောက်ကြောင်းနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်မည့် အကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။
ပို့စ်တင်ပြီး နာရီပိုင်းအကြာတွင် ဘူတန်ဝန်ကြီးချုပ် Tshering Tobgay အား ဘူတန်နိုင်ငံသားများအပါအဝင် ထိုင်းနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက ဝေဖန်ပြောဆိုကြသည်။
၎င်း၏ပို့စ်တွင် မှတ်ချက်ပေး ဝေဖန်သူများရှိသလို အခြားသော အကောင့်အမျိုးမျိုးကလည်း ဘူတန်ဝန်ကြီးချုပ်အား ဝေဖန်မှု လူမှုကွန်ရက်တွင် မြင့်တက်ခဲ့သည်။
ထိုသို့ ဝေဖန်မှုများ မြင့်တက်လာ၍ ဘူတန်ဝန်ကြီးချုပ်သည် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်အကြောင်း Facebook ပေါ် တင်ထားသည့် ပို့စ်ကို ယနေ့ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လည် ဖြုတ်ချဖယ်ရှားခဲ့ကြောင်း သိရသည်။
မင်းအောင်လှိုင်သည် မြန်မာပြည်၏ ခေါင်းဆောင်မဟုတ်ကြောင်း၊ မြန်ပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသော အကြမ်းဖက်သမားသာ ဖြစ်သည်ဟု ဘူတန်ဝန်ကြီးချုပ်အား မြန်မာပြည်သူများက ၎င်း၏ပို့စ်အောက်တွင် မှတ်ချက်ပေး ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။