အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကတိကို ချိုးဖောက်ပြီး ရခိုင်၊ ပဲခူးနှင့် ဧရာဝတီတို့တွင် အာရက္ခတပ်တော် AA အား ပစ်ခတ်တိုက်ခိုက်နေကြောင်း AA မှ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ငလျင်ကယ်ဆယ်ရေးကို အကြောင်းပြု၍ ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ထားသည်။
သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းရှိ အာရက္ခတပ်တော်ကို တိုက်ခိုက်နေကြောင်းနှင့် ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ခိုက်နေသည်ဟု သိရသည်။
ဧပြီလ ၅ ရက်နေ့က စစ်တွေနှင့် ကျောက်ဖြူမြို့နယ်ရှိ AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ လေကြောင်းတိုင်းခိုက်ခြင်းနှင့် နေဗီများမှ လက်နက်ကြီးများဖြင့် နေ့တိုင်း တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AA က ပြောသည်။
ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ သစ်ပုတ်တောင် (ဓညဝတီရေတပ်) ရေတပ်စခန်းတို့က ဧပြီလ ၂ နေ့တွင် ဒရော့ဗုံး ၉၀ ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု ၆၀ ကြိမ်ရှိခဲ့သည်ဟု သိရသည်။
စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းကလည်း ပုဏ္ဏားကျွန်းဒေသနှင့် ပေါက်တောမြို့နယ် ငပြီကျွန်းဒေသတို့ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု AA က ပြောသည်။
အာရက္ခတပ်တော် AA သည် ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများကြောင့် စစ်ကောင်စီတပ်စခန်းများကို ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်နားသည်ဟု ထုတ်ပြန်ထားသည်။
ထိုထုတ်ပြန်ချက်ကို လေးစားလိုက်နာသော အားဖြင့် စစ်ကောင်စီမှ တန်ပြန်ထိုးစစ်များ ရှိသော်လည်း ပြန်လည်တိုက်ခိုက်ခြင်းများ မပြုလုပ်ကြောင်း AA က ပြောသည်။
စစ်ကောင်စီက ၎င်း၏ ကတိကို ချိုးဖောက်ပြီး AA အား တိုက်ခိုက်သော်လည်း AA က အပစ်ရပ်ကတိကို မချိုးဖောက်ဘဲ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို ငြိမ်ခံနေသည်ဟု သိရသည်။