Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - NMG News

ရခိုင်ပြည် စစ်တွေအကျဉ်းထောင်ကနေ ဧရာဝတီ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် ရခိုင်အကျဉ်းသားများမှာ ကျန်းမာရေးဆိုးရွားနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ ညက စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ရခိုင်အကျဉ်းသား ၄၀၀ ထက်မနည်းကို စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ပုသိမ်အကျဉ်းထောင်သို့ အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့သည်ံ။

လက်ရှိ ပုသိမ်အကျဉ်းထောင်ရှိ ရခိုင်အကျဉ်းသားများအပါအဝင် အကျဉ်းသားများ အားလုံးနီးပါးမှာ အရေပြားရောဂါကို ခံစားနေရသလို အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျော့ ဖြစ်ပွားနေကြောင်းလည်း ရခိုင်အကျဉ်းသား မိသားစုဝင်များက ပြောသည်။

ရခိုင်အကျဉ်းသား မိသားစုဝင်တစ်ဦးက “အရင်ကလို ထောင်ဝင်စာတွေ သွားမတွေ့နိုင်လို့ ဆေးတွေ၊ အစားအသောက်တွေ မပို့ပေးနိုင်တော့ဘူး။ အခု ကျန်းမာရေး တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေကြတယ်လို့ ပြောတယ်။ ထောင်ကကျွေးတဲ့ အစားအသောက်တွေကလည်း ပုပ်သိုးလွယ်တော့ ဝမ်းပျက်ဝမ်းလျော့ဖြစ်နေတယ်လို့ ပြောတယ်။ အရေပြား အနာရောဂါဖြစ်နေတာတွေလည်း မကောင်းကြသေးဘူးလို့ ပြောတယ်။ ထောင်ဘက်ကလည်း ဆေးကုသပေးတာ မရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။

ပုသိမ်အကျဉ်းထောင်အတွင်း ရခိုင်အကျဉ်းသားများမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက အရေပြားရောဂါ ဝေဒနာ ခံစားနေကြရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ရခိုင်အကျဉ်းသား မိသားစုဝင်များမှာ လမ်းခရီးစရိတ် အလွန်များပြားလာ၍ ပုံမှန် တစ်လတစ်ကြိမ် ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သော်လည်း လက်ရှိတွင် မသွားရောက်နိုင်သည်မှာ ၂ လ ထက်မနည်း ကြာမြင့်နေပြီဟု သိရသည်။

“စစ်တွေမှာ ဆိုရင်တောင် မရှိရှိတာလေးတွေနဲ့ ထောင်ဝင်စာသွားတွေ့၊ လိုတာလေးတွေ ပေးကမ်းလို့ရသေးတယ်။ အခု တွေ့ရဖို့ဆိုတာ အဝေးကြီးဖြစ်သွားပြီး။ မိသားစုတွေ အသက်ရှင်လျှက်မှ တွေ့ကြရပါတော့မလား မသိဘူး။ အခုလိုအခြေနေမျိုးမှာ အိမ်ထောင်ဦစီးမရှိတော့ အရမ်းလည်းအားငယ်ပြီး ဝမ်းနည်းရတယ်” ဟု အကျဉ်းသား မိသားစုဝင် ဗျိုင်းဖြူကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေ အကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည့် အကျဉ်းသား ၄၀၀ ထဲတွင် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာဒေသခံ ၂၀၀ ဦးထက်မနည်း ပါဝင်ကြောင်း သိရသည်။

ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းကာ အမျိုးသားများအားလုံးကို စစ်ကောင်စီက ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်မှုများ ရှိခဲ့သည်။

ဗျိုင်းဖြူကျေးရွာသားများ အပါအဝင် ရခိုင်အကျဉ်းသားများကို စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ အပါအဝင် အကြမ်းဖက်မှုပုဒ်မများနှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မများဖြင့် တရားစွဲဆို အတင်းအဓမ္မ ထောင်ချထားခြင်းဖြစ်သည်။

#WesternNews #WN #စစ်တွေ #ပုသိိမ် #အကျဉ်းထောင် #အကျဉ်းသားများ #ရခိုင်အကျဉ်းသားများ #နိုင်ငံရေးအကျဉ်းသားများ #ကျန်းမာရေးဆိုးရွားနေ #ဝမ်းပျက်ဝမ်းလျော့ #အရေပြားရောဂါ

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ