Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်တိုင်းရင်းသားများပါတီ RNP ကို ဦးဆောင်တည်ထောင်သူဟု ဆိုသော ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်။ (ယခင်က ရခိုင်အမျိုးသားပါတီ ANP ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်)

ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီ Arakan National Party (ANP) ကို အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်ခွင့် ပယ်ချက်ပြီးနောက် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သည့် ရခိုင့်နိုင်ငံရေးပါတီကြီးတစ်ခု ပေါ်ပေါက်လာသည်ဟု သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ကလည်း ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည သတင်းတွင် ရခိုင်တိုင်းရင်းသားများပါတီ Rakhine Nationalities Party (RNP) မှတ်ပုံလာတင်ထားသည်ဟု သတင်းထုတ်ပြန်ကြေညာသွားသည်။

ရခိုင်ပြည်မှာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည်ဟု ဆိုသည့် ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP တို့ စစ်ကောင်စီထံ မှတ်ပုံတင်ထားကြပြီး စစ်ကောင်စီကလည်း ခွင့်ပြုထားပြီးဖြစ်သည်။

နောက်ထပ် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သော မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့လည်း စစ်ကောင်စီထံ မှတ်ပုံတင်ထားကာ စစ်ကောင်စီကလည်း ၂၀၂၃ ခုနှစ် မေလအတွင်းက ခွင့်ပြုထားပြီးဖြစ်သည်။

ရခိုင်တိုင်းသားများ ဖွဲ့စည်းထားသော ရခိုင်ပြည်အတွင်း နိုင်ငံရေးပါတီ ၄ ခုရှိပြီးနောက် ယမန်နေ့ ဧပြီလ ၇ ရက်တွင် နောက်ထပ် ရခိုင်ပါတီတစ်ခုဖြစ်သည့် Rakhine Nationalities Party – RNP (ရခိုင်တိုင်းရင်းသားများပါတီ) နောက်ထပ် ပါတီတစ်ခု ပေါ်ပေါက်လာခြင်းဖြစ်သည်။

Western News ၏ စုံစမ်းချက်အရ ယခု အသစ်ပေါ်ပေါက်လာသည့် ရခိုင်တိုင်းရင်းသားများပါတီ RNP မှာ ရခိုင်အမျိုးသားပါတီ ANP ပါတီထဲက လွှတ်တော်ကိုယ်စားလှယ်များနှင့် ခေါင်းဆောင်အချို့ ပါဝင်သည်ဟု သိရှိရသည်။

ANP ပါတီဝင်လည်းဖြစ် ရသေ့တောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် (ဟောင်း) လည်းဖြစ်သူ တစ်ဦးက “မနေ့က MRTV က ကြေညာသွားတယ်လို့ သိရတယ်။ ရခိုင်တိုင်းရင်းသားများပါတီ RNP ဆိုပြီး ပေါ်လာတယ်လို့ သိရတယ်။ ANP ပါတီထဲက သူတွေက ပါတီအသစ်တစ်ခု ထူထောင်ပြီး မှတ်ပုံတင်ထားတယ်လို့ သိရတယ်။ ဘယ်သူတွေပါသလဲ။ ဘယ်သူတွေ ဦးဆောင်သလဲဆိုတာကတော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်။ အတိအကျ မသိရသေးဘူး။ စောင့်ကြည့်ပါနော်။ နာမည်ထွက်လာရင် သိလာလိမ့်မယ်” ဟု ပြောသည်။

ယခု အသစ်ပေါ်လာသည့် ရခိုင်တိုင်းရင်းသားများပါတီ RNP မှာ ရခိုင်အမျိုးသားပါတီ ANP ပါတီထဲက ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ခြင်းမရှိကြောင်း ANP ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက Western News ကို ငြင်းဆိုထားသည်။

“ရခိုင်တိုင်းရင်းသားများပါတီ RNP လို့တော့ လိုင်းပေါ်မှာ တွေ့ပါတယ်။ ကျနော်ကတော့ မပါဝင်ဘူး။ ကျနော်တို့ ရခိုင်အမျိုးသားပါတီ ANP ထဲက ထိပ်ပိုင်းခေါင်းဆောင် ဥက္ကဌတို့ အထွေထွေအတွင်းရေးမှူးတို့ စသဖြင့် အခြား ထိပ်ပိုင်းခေါင်းဆောင်တွေ လုံးဝ မပါဝင်ဘူးဆိုတာကို ပြောလိုပါတယ်။ ကျနော်တို့ ANP ပါတီက ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကတော့ ANP ပါတီပဲဖြစ်ဖြစ် နောက်ထပ် ပါတီသစ်တစ်ခုနဲ့ပဲဖြစ်ဖြစ် ဘယ်တော့မှ ပါတီမှတ်ပုံတင်တာကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။ အခု RNP မှာ ဘယ်သူတွေ ပါသလဲ ဆိုတာကတော့ ကျနော်တို့လည်း စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။ အတိအကျ မသိရသေးဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်လာသည့် ရခိုင်တိုင်းရင်းသားများပါတီ RNP အပေါ် သဘောထားအား ၎င်းက ယခုလို ထပ်မံ မှတ်ချက်ပေးထားသည်။

“သူတို့ကတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ သူတို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒကို ဘာတစ်မှ ဝေဖန်စရာတော့ မရှိဘူး။ အဲပါတီ အပေါ် ဝေဖန်ဖို့၊ ဆုံးဖြတ်ဖို့ကတော့ တိုက်ရိုက် သက်ဆိုင်နေတဲ့ ပြည်သူလူထုကပဲ သက်ဆိုင်ပါတယ်။ ရခိုင်ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကသာ မူတည်ပါတယ်။ ကျနော်တို့ကတော့ ဝေဖန်စရာ အကြောင်းမရှိပါဘူး။ သူတို့ရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒကို ဝေဖန်စရာ အကြောင်းမရှိလို့ပါ” ဟု ပြောသည်။

Western News က ရခိုင်နိုင်ငံရေးအသိုင်းအထဲမှ နိုင်ငံရေးသမား ၁၀ ကျော်ကို မေးမြန်းပြီးနောက်တွင် ယခု အသစ်ပေါ်ပေါက်လာသည့် ရခိုင်တိုင်းရင်းသားများပါတီ RNP ကို ဦးဆောင်တည်ထောင်သူမှာ ကျောက်ဖြူမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန် ဖြစ်သည်ကို သတင်းရရှိထားသည်။

ဦးဘရှိန်နှင့် နီးစပ်သည့် ကျောက်ဖြူမြို့က နိုင်ငံရေးသမားများနှင့် ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက အတည်ပြုထားကြပြီး ဦးဘရှိန်ကိုတော့ Western News က ဆက်သွယ်နေဆဲဖြစ်သည်။

ဦးဘရှိန် သည် ယခင်က ရခိုင်အမျိုးသားပါတီ ANP ပါထဲမှ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ် သလို ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်းဖြစ်သည်။

ဦးဘရှိန် ဦးဆောင်သည်ဟု ဆိုသော ရခိုင်တိုင်းရင်းသားများပါတီ RNP ထဲတွင် ကျောက်ဖြူမြို့က စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့နှင့် ရန်ကုန်ရောက် ရခိုင်စီးပွားရေးသမားများ၊ ရခိုင်အရပ်ဘက်အဖွဲ့အစည်းတချို့မှ တက်ကြွလှုပ်ရှားသူများ ပါဝင်ကြောင်း Western News က စုံစမ်း ရရှိထားသည်။

Western News က အတည်ပြုနိုင်သည့် RNP ထဲတွင် ပါဝင်သည့် ကျောက်ဖြူမြို့က စီးပွားရေးလုပ်ငန်းရှင်မှာ ‘ဗရာဏသီဟိုတယ်” Hotel Varanathi ပိုင်ရှင် ဦးငြိိမ်းချမ်းမောင် ပါဝင်ကြောင်းနှင့် ဦးငြိမ်းချမ်းမောင်သည် ဦးဘရှိန်၏ သားမက် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီထံ မှတ်ပုံတင်ထားသော ရခိုင်တိုင်းရင်းသားများပါတီ RNP အနေဖြင့် ဥပဒေအကြောင်းအရ မှတ်ပုံတင်ခွင့်ပြုချက် ရနိုင်ခြေ နည်းပါးကြောင်း ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“ဥပဒေအကြောင်းအရဆိုရင်တော့ မှတ်ပုံတင် မရနိုင်ဘူး။ ဥပဒေက တင်းကျပ်တယ်။ မြို့နယ်တွေ၊ ပြည်နယ်တွေမှာ ရုံးတွေ ဖွင့်လှစ်ရမယ်။ ပိုက်ဆံက အဆင်ပြေပေမယ့် ပါတီဝင် တစ်ထောင် ရှိရမယ်ဆိုတာကလည်း မဖြစ်နိုင်ဘူး ထင်တယ်။ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာက ရခိုင်မှာက ၃ မြို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် ပြောလို့တော့ မရဘူးပေါ့နော်။ ရခိုင်မှာက ဒေါက်တာ အေးမောင် ပါတီတစ်ခု ရှိနေတော့ နောက်ထပ် ပါတီတစ်ခု လက်ခံဖို့ဆိုတာက စစ်ကောင်စီအနေနဲ့ နည်းနည်း ခက်မယ်ထင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီကို အစပျိုးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ခေတ်ကာလမှာတောင် ပါတီနိုင်ငံရေးက ပြည်သူလူထုအတွက် မည်သည့်အကျိုးမှ မပြုနိုင်ခဲ့ကြောင်းနှင့် ယခု အာဏာသိမ်းထားသော စစ်ကောင်စီ လက်ထက်မှာဆိုရင်လည်း ကိုယ့်အကျိုးစီးပွားကလွဲပြီး ပြည်သူလူထုအတွက် အကျိုးမရှိနိုင်ကြောင်း အဆိုပါ ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူက သုံးသပ်ထားသည်။

“အရင်ကလည်း RNDP, ALD, နောက် ANP ဖြစ်လာတယ်။ လွှတ်တော်ထဲမှာလည်း အမတ်အများစုကို အနိုင်ရခဲ့တယ်။ ဒါပေမယ့် ဘာမှ လုပ်ပိုင်ခွင့် မရရှိခဲ့ဘူး။ လွှတ်တော် ဥက္ကဌ နေရာလောက်ပဲ ရတယ်။ လုပ်ပိုင်ခွင့်အာဏာ မရှိတဲ့ ဒီမိုကရေစီ ခေတ်မှာတောင်မှ ပြည်သူလူထု တစ်ခဲနက် ထောက်ခံခဲ့တဲ့ နိုင်ငံရေးပါတီတောင်မှ လုပ်ပိုင်ခွင့် မရခဲ့ဘူး။ အမတ်တစ်ချို့ဆိုရင်လည်း ဆောက်လုပ်ရေး လုပ်ငန်းကလွဲပြီး ဘာမှ လုပ်ပိုင်ခွင့် မရှိခဲ့ဘူး။ ပြောချင်တာက ဒီကာလမှာ ရခိုင်အမျိုးသားတစ်ရပ်လုံးအတွက် ဘာအလုပ်အကျွေး ပြုနိုင်မှာလဲပေါ့။ နိုင်ငံရေးလုပ်တယ်ဆိုတာက ရပ်တည်ချက်လိုတယ်။ ဒီကာလမှာ ရခိုင်ပြည်သူတွေအတွက် အလုပ်အကျွေးဖြစ်ရဲ့လား ဆိုတာ လေ့လာသုံးသပ်ဖို့ လိုပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိတယ်ဆိုပေမယ့် ဒီနေ့ အချိန်အခါက အရင်လို ရခိုင်တော်လှန်ရေးအင်အားစု အားမကောင်းတာလဲ မဟုတ်ဘူး။ လက်ရှိ ရခိုင်မှာဆိုရင် မြို့နယ် ၃ ခုသာ ကျန်တော့တယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ လူတွေရဲ့ မျက်နှာကိုလည်း ထောက်ဖို့ လိုပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူ့အကျိုး ပြည်သူ့မျက်နှာကို ကြည့်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်မှာ စစ်ကောင်စီနှင့် ပူးပေါင်းမည့် မည်သည့် နိုင်ငံရေးပါတီမျိုးမဆို ရခိုင်အမျိုးသားများအတွက် မည်သည့်အကျိုးကျေးဇူးမှ မရှိနိုင်ကြောင်းနှင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲမှာ ပြည်သူလူထုအတွက်မဟုတ်ဘဲ ပါတီများနှင့် ပါတီတည်ထောင်သူများအတွက်သာ ကိုယ်ကျိုးစီးပွားရရှိမည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဝေဖန်သုံးသပ်ထားသည်။

အာဏာသိမ်း စစ်ကောင်စီက ယခု ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ ဇန်နဝါရီလ အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာထားသော်လည်း တော်လှန်ရေးအင်အားစုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က စစ်ကောင်စီသည် တရားမဝင် အဖွဲ့အစည်းဖြစ်သည်ဟု ထုတ်ပြန်ပြောဆို ထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ