မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃၆၄၅ ဦးရှိလာကြောင်း အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ညတွင် သတင်းထုတ်ပြန်သည်။
ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ယခုချိန်ထိ သေဆုံးသူ ၃၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၄၈ ဦးနှင့် စုစုပေါင်း ၈၈၁၀ ခန့် ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆောက်အဦးပေါင်း ၅၂၂၃ လုံး၊ စာသင်ကျောင်းပေါင်း ၁၈၂၄ ကျောင်း၊ ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဘုရား စေတီပေါင်း ၄၈၁၇ ခုနှင့် ဆေးရုံဆေးခန်း ၁၆၇ ခု ထိခိုက်ပျက်စီး ဆုံးရှုံးသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး ရထားလမ်း၊ ကားလမ်းနှင့် ရထားဘူတာအချို့ ပျက်စီးမှုများရှိခဲ့ပြီး တံတား ၁၆၉ စင်းလည်း ပျက်စီးသွားကြောင်း သိရသည်။
မြန်မာငလျင်ကို နိုင်ငံပေါင်း ၂၀ မှ ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးပို့လျက်ရှိကြောင်းလည်း စစ်ကောင်စီက ပြောသည်။
မြန်မာပြည်အလယ်ပိုင်းဒေသ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် နောက်ဆက်တွဲ ငလျင်များစွာ လှုပ်ခတ်နေသည့်အတွက် ပြည်သူများမှာ မိမိတို့၏ မူလ နေရာများ၌ မနေရဲဘဲ ကွင်းပြင်များနှင့် လမ်းဘေး ပလက်ဖောင်းများပေါ်တွင် တဲထိုး၍ နေထိုင်ကြရကြောင်း သိရသည်။
မတ် ၂၈ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ ၅ ရက်နေ့အထိ နောက်ဆက်တွဲ ငလျင် အကြိမ်ရေ ၈၀ ကျော် လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။