အာဏာသိမ်း စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ANP ကို မှတ်ပုံတင်ခွင့်မှ ပယ်ချထားသော်လည်း တရားဝင် ဖျက်သိမ်းကြောင်း မရှိသည့်အတွက် ANP မှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောသည်။
ရခိုင်အမျိုးသားပါတီ ANP ကို ဖျက်သိမ်းထားခြင်း မရှိသေးကြောင်း ပါတီတာဝန်ရှိသူတစ်ဦးဖြစ်သူ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
“ပါတီက မဖျက်သေးဘူး။ ဘာအတွက်လဲဆိုရင် ANP ကို မှတ်ပုံတင် ငြင်းပယ်တာ တစ်ခုတည်းပဲ။ တချို့တချို့သော ပါတီတွေလိုမျိုး ဒီရခိုင်အမျိုးသားပါတီ ကို နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းမှ ပယ်ဖျက်လိုက်တယ်ဆိုတာ အမိန့်က ဒီကနေ့အချိန်အထိ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါ့ကြောင့် ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဟာ ရပ်တည်နေဆဲပဲလို့ ယူဆထားပါတယ်။ တရားဝင် ဖျက်သိမ်းတယ် ဆိုတာမျိုး မကြေညာသေးဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မှတ်ပုံမတင်လာတဲ့ ပါတီတွေအနေနဲ့တော့ ပယ်ဖျက်ပြီး ဖြစ်တယ်ဆိုတာကို ပြောထားတာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီကို မှတ်ပုံတင်မှ ပယ်လိုက်တာ ဆိုတာကိုပဲ ပြောတယ်။ ပါတီကို ဖျက်သိမ်းပါတယ်ဆိုတာမျိုးကို ပြောလို့ မရှိတဲ့အတွက် ရခိုင်အမျိုးသားပါတီ ကို ဆက်လက် တည်ရှိနေတယ်လို့ပဲ ကျနော်တို့က မှတ်ယူထားပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်မှာ ရခိုင်အမျိုးသားများအတွက် နိုင်ငံရေးပါတီတစ်ခု လိုအပ်သည့်ဟု ယူဆချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီထံ ရခိုင်အမျိုးသားပါတီ ANP ကို ပြန်လည်မှတ်ပုံတင်ခဲ့ကြသည်။
သို့သော်လည်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပုဒ်မ ၇ ဖြင့် ငြိမ့်စွန်းသည်ဟုဆိုကာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ANP ကို ပါတီမှတ်ပုံတင်ခွင့်မှ ပယ်ချခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရခိုင်အမျိုးသားပါတီ ANP ကို အာဏာသိမ်း စစ်ကောင်စီထံ နောက်ထပ် ပြန်လည် မှတ်ပုံတင်မည် မဟုတ်ကြောင်းနှင့် ပါတီသစ်အမည်ဖြင့်လည်း မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ထားသည်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
“ရွေးကောက်ပွဲ ကော်မရှင်က ပုဒ်မ ၇ နဲ့ ပယ်ချခဲ့တယ်။ ပုဒ်မ ၇ မှာတော့ အဓိကတော့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ နိုင်ငံခြားက အထောက်အကူယူတာ အပါအဝင် အချက် သုံး၊ လေးခုနဲ့ ပယ်ချခံရတယ်လို့ ပြောတယ်။ ကျနော်တို့ကိုလည်း အကြိမ်ကြိမ် အဖန်ဖန် စိစစ်ထားတယ်။ တစ်နှစ်လောက်လည်း ကြာသွားတယ်။ သို့သော်လည်း အဲဒီအချိန်အတွင်းမှာ လူကြီးမင်းတို့ ပါတီအနေနဲ့ လိုအပ်ချက်တွေရှိတယ်။ ငြိမ့်စွန်းချက်တွေ ရှိတဲ့အတွက် ပြန်ပြင်ပါလို့ ဘာတစ်ခုမှ မပြောခဲ့ဘဲနဲ့ ငြင်းပယ်လိုက်တဲ့အတွက် ကျနော်တို့ကတော့ ငြင်းပယ်တယ်ဆိုတာကို ထပ်ပြီးတော့ မှတ်ပုံတင်စရာ အကြောင်းမရှိတော့ဘူး။ ပါတီဝင်တွေ အားလုံးကလည်း နောက်ထပ် မှတ်ပုံမတင်တော့ဘူးလို့လည်း တညီတညွတ်တည်း ဆုံးဖြတ်ထားကြပါတယ်” ဟု ပြောသည်။
အကယ်၍ အာဏာသိမ်း စစ်ကောင်စီက ရခိုင်အမျိုးသားပါတီ ANP အမည်ဖြင့် ဆက်လက် မှတ်ပုံတင်ပါဟု တာဝန်ရှိသူများကို အကြောင်းကြားလာသော်လည်း ပြန်လည် စဉ်းစားရအုံးမည် ဖြစ်ကြောင်း ANP နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီထံမှ ပါတီမှတ်ပုံတင်ခွင့် ကျထားသော ရခိုင်ပြည်က နိုင်ငံရေးပါတီများမှာ ဒေါက်တာ အေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ AFP၊ ရခိုင်ပြည် အမျိုးသားအင်အားစုပါတီ RSNUP၊ မြိုတိုင်းရင်းသားပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်သည်။
ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း လည်းဖြစ် ကျောက်ဖြူမြို့မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးဘရှိန်က ဦးဆောင်ကာ ဧပြီလ ၇ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီထံ ရခိုင်တိုင်းရင်းသားများပါတီ RNP အမည်ဖြင့် မှတ်ပုံတင်ထားကြောင်း သိရသည်။
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်ကို မေလ ၉ ရက်နေ့ နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်ဟု စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားသည်။
လက်ရှိတွင် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၅၆ ပါတီနှင့် တည်ဆဲနိုင်ငံရေးပါတီ ၅၄ ပါတီရှိကြောင်း သိရသည်။