Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ -၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မြောက်ဦးယဥ်ကျေးမှုပြတိုက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်စာတိုင်များနှင့် တခြားရှေးဟောင်းယဥ်ကျေးမှု ဆိုင်ရာရုပ် ပစ္စည်းများ ပျက်စီးနေသည့် မြင်ကွင်း။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့က ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ပြုပြင်ရန် ပြင်ဆင်လျှက်ရှိနေကြောင်း ရှေးဟောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်နေသူများက ပြောသည်။

မြောက်ဦး ယဥ်ကျေးမှုနယ်မြေတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားစဉ်က မြောက်ဦးရှိ ယဉ်ကျေးမှု ပြတိုက်အပါအဝင် ရှေးဟောင်းဘုရား၊ ပုထိုးစေတီအချို့ ထိခိုက် ပျက်စီးမှုများရှိခဲ့သည်။

ထိုသို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်များကို လက်ရှိတွင် ပြန်လည်ပြုပြင်ရန် လုပ်ဆောင်လျှက် ရှိနေကြောင်း ရှေးဟောင်းသုတေသနတွင် ပါဝင်လုပ်ကိုင်နေသည့် တာဝန်ရှိသူတစ်ဦးက Western News ကို ပြောသည်။

“တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ အရာတွေကို ပြန်ပြုပြင်ဖို့ လုပ်နေတယ်။ လောလောဆယ်မှာတော့ အုတ်တွေ မီးဖုတ်နေပြီ။ ပြုပြင်ဖို့ လူတွေကတော့ အရင်ကတည်းက ရှေးဟောင်းသုတေသနမှာ သုံးခဲ့တဲ့ အင်ဂျင်နီယာတွေ ရှိတယ်။ သူတို့နဲ့ လုပ်မှာပေါ့နော်။ အချိန်အားဖြင့်တော့ လုပ်လို့အဆင်ပြေတဲ့အချိန် မိုးတွင်းမှာ အဆင်ပြေရင် မိုးတွင်း၊ နွေမှာ အဆင်ပြေရင်နွေ စသဖြင့် အချိန်တွေညှိပြီး လုပ်သွားမှာပါ” ဟု ပြောသည်။


တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်၏ ကတုတ်ကျင်းများ တူးဖော်ခဲ့မှုကြောင့် သင်းကျိတ်တော်စေတီ၏ အုတ်မြစ်များ၊ လက်နက်ကြီးငယ်များ ကျရောက်ကျပြိုပျက်ခဲ့သည့် ရွှေတောင်စေတီ၊ ကျဉ်ဆံထိမှန်ခဲ့သည့် နရပတိစေတီ၊ လက်နက်ကြီးကျည်ကြောင့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက် စသဖြင့် ပျက်စီးမှုများရှိခဲ့သည်။

အဆိုပါ အရာများကို ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန် လုပ်ဆောင်နေသကဲ့သို့ မြောက်ဦးဒေသရှိ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများအတွင်း ကျူးကျော် အဆောက်အအုံများကိုလည်း တတ်နိုင်သလောက် ဖယ်ရှားမှုများ ပြုလုပ်နေကြသည်ဟု ရှေးဟောင်းသုတေသန လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူ နောက်ထပ်တစ်ဦးက ပြောသည်။

“တိုက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ နည်းနည်းချင်းစီ စလုပ်နေကြတာရှိပါတယ်။ အဓိက ကျူးကျော်တွေကို ဖယ်တာ၊ တားတာမျိုးတွေပေါ့။ မတည်ငြိမ်သေးတဲ့ အခြေနေအရ သိပ်ကြီးကြီးမားမားလည်း မလုပ်နိုင်ကြပါဘူး။ ရှေးဟောင်းသုတေသန အလုပ်မှာ ငွေကြေးက အဓိက လိုအပ်တာဆိုတော့ ဒါတွေ အားနည်းနေပါသေးတယ်။ နောက်ပြီး နည်းပညာနဲ့ ကုန်ကြမ်း စတာတွေလည်း လိုအပ်ချက်တွေအဖြစ် ရှိနေပါသေးတယ်” ဟု ဆိုသည်။

ရခိုင် ရှေးဟောင်းယဉ်ကျေးမှုဒေသ ဖြစ်သည့် မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ် အသိမှတ်ပြုခံရနိုင်ရန် ဒေသ၏ သက်ဆိုင်ရာ ရှေးဟောင်းသုတေသနှင့် ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တို့မှ ကြိုးပမ်းခဲ့ကြသည်။

သို့သော်လည်း ဒေသ၏မတည်ငြိမ်သည့် အခြေနေများကြောင့် မြောက်ဦး၏ ကမ္ဘာ့အမွေ နှစ်စာရင်းဝင်ရေး အခြေနေမှာ မှေးမှိန်နေရဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ