Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် မြို့နယ်များတွင် ငွေထုတ်ယူခ နှုန်းထား ပြန်လည်မြင့်တက်လာပြီး ငွေကျပ် ၁ သိန်းထုတ်ယူလျှင် ကျပ် ၇ ထောင်အထိ ပေးနေရသည်ဟု ဒေသခံများထံမှ သိရသည်။

ငွေလွှဲငွေထုတ်ဆိုင်များတွင် မတ်လအတွင်းက ငွေကျပ် ၁ သိန်း ထုတ်ယူလျှင် ကျပ် ၁၅၀၀ သတ်မှတ်ထားရာကေန ယခုရက်ပိုင်းအတွင်း ကျပ် ၇ ထောင်အထိ ပေးလာရခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ရက်တွေကပဲ ၁ ဒသမ ၅ ရာခိုင်နှုန်း တစ်သိန်းကို ၁၅၀၀ နှုန်းရှိခဲ့သေးတယ်။ ၅ ရက်လောက်အကြာမှာပဲ ၇ ရာခိုင်နှုန်းဖြစ်သွားတာ။ ၇ ထောင်ဖြစ်သွားတယ်။ ထပ်ပြီး တက်ဦးမယ်လို့လည်း ငွေထုတ်ပေးသူတွေဆီက ကြားခဲ့ရသေးတယ်။ ငွေထုတ်တဲ့သူတွေက အရမ်းနစ်နာရတာပေါ့” ဟု ပြောသည်။

ငွေလွှဲငွေထုတ် ဆိုင်းများမှ ငွေထုတ်ယူခ နှုန်းထား တိုးမြှင့်တောင်းခံနေခြင်းမှာ သင်္ကြန်ကာလ ငွေထုတ်ယူသူ များပြားခြင်းကြောင့် တစ်ဟုန်ထိုး မြှင့်တက်သွားရခြင်းဖြစ်သည်ဟု ငွေလွှဲငွေထုတ် လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“သင်္ကြန်ကာလနဲ့ ငွေထုတ်တဲ့သူတွေ အရင်က ထက်ပိုများတယ်။ ငွေထုတ်ဆိုင်တွေက သင်္ကြန်ပိတ်ရက်တွင်းလည်း မထုတ်ပေးဘူးဆိုတော့ ဒီရက်ပိုင်းအတွင်း ထုတ်သူတွေများတာ။ ဒါကြောင့် ငွေသားက ပိုလိုအပ်နေတော့ ငွေသားစျေးက ရက်ပိုင်းတွင်း တက်လာတာ။ ၁၀ ရာခိုင်နှုန်းအထိ ရောက်နိုင်တယ်လို့တော့ ခန့်မှန်းထားကြတယ်” ဟု ဆိုသည်။

ရခိုင်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများမရရှိမှုကြောင့်လည်း ငွေကြေးများကို မိမိလိုအပ်သည့်အချိန် လိုအပ်သည့်နေရာတွင် တစ်ချိန်တည်း ထုတ်ယူနိုင်ခြင်းမရှိဘဲ မြို့နယ်အလိုက် သတ်မှတ်နေရာများတွင်သာ သွားရောက် ထုတ်ယူကြရသည်ဟု သိရသည်။

အဆိုပါ သတ်မှတ်နေရာများမှာ သင်္ကြန်ကာလအတွင်း ပိတ်မည်ဖြစ်၍ ငွေကြေး လိုအပ်ချက်ရှိသူများမှာ ယခုရက်ပိုင်းတွင် အချိန်မီထုတ်ယူနေကြရခြင်း ဖြစ်သည်။

AA ထိန်းချုပ်ထားသော မြို့နယ်များတွင် ဘဏ်လုပ်ငန်းများအားလုံး ရပ်တန့်သွားပြီး တစ်သီးပုဂ္ဂလ ငွေလွှဲငွေထုတ်ဆိုင်များ တွင်ကျယ်လာကာ ငွေထုတ်ယူသူများမှာလည်း ရာခိုင်နှုန်းများများ ပေးပြီး ထုတ်ယူနေရခြင်းဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ