ရခိုင်ပြည်မှာ နောက် ၁၂ နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းပြီး အချို့နေရာဒေသများတွင် နေရာကွက်၍ မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၂ နာရီက ထုတ်ပြန်ထားသည်။
ယနေ့ နေ့လယ် ၁ နာရီခွဲ တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မြောက်-အရှေ့မြောက်ဘက်သို့ လေဖိအားနည်းရပ်ဝန်းက ရွှေလျားနိုင်သည်ဟု ဆိုသည်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် နောက် ၁၂ နာရီအတွင်း ရခိုင်ပြည် အပါအဝင် တိုင်းနှင့်ပြည်နယ် သီးသီးတွင် မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးမည်ဟု စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။
ထိုကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု အန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နေထိုင်ကြရန် စစ်ကောင်စီ မိုး/ဇလ က အကြံပြုတိုက်တွန်းထားသည်။