Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ဖလမ်းမြို့ကို သိမ်းပြီးနောက် ချင်းညီနောင်တပ်ဖွဲ့အား မြင်ရစဉ်

ဧပြီလ ၉ ရက်နေ့က ချင်းပြည်နယ်အတွင်း ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်မြို့နယ်ကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု ချင်းညီနောင်တပ်ဖွဲ့က တရားဝင် ပြောဆိုလိုက်သည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအပေါ် ဧပြီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာက Live လွှင့်ပြောကြားရာတွင် တီးတိန်မြို့ကို ဆက်လက်သိမ်းပိုက်မည်ဟု ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

“ချင်းပြည်ထဲမှာ တီးတိန်မြို့ကိုလည်း ထပ်ပြီးမှ ဝင်ရောက်ဖို့ရှိတယ်။ ၂၀၂၄ မှာ စစ်ကောင်စီ ကင်းစင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ၆၀ ရာခိုင်နှုန်းပဲပြီးခဲ့တယ်။ ၄ နေရာရခဲ့တယ်” ဟု ပြောသည်။

ချင်းပြည်နယ်မှာ မြို့ ၉ မြို့ရှိပြီး ၆ မြို့ကို ချင်းညီနောင်တပ်ဖွဲ့နှင့် CNA တို့ ထိန်းချုပ်ထားပြီး တီးတိန်၊ ဟားခါး၊ ထန်တလန် စသည့် ၃ မြို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

ချင်းညီနောင်တပ်ဖွဲ့မှ ဆက်လက် သိမ်းပိုက်မည့် တီးတိန်မြို့နယ်တွင် စစ်ကောင်စီ၏ ခလရ ၂၆၉ တပ်ရင်းဌာနချုပ်နှင့် ယင်းတပ်ရင်းဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ တချို့ရှိကြောင်း သိရသည်။

တီးတိန်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများမှာ ထန်တလန်မြို့နယ်ရှိ တပ်ရင်းများနှင့် ချိတ်ဆက်ထားကြောင်းလည်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုထားသည်။

ချင်းညီနောင်တပ်ဖွဲ့မှ တီးတိန်မြို့သိမ်း တိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ဆင်ရေးအကြောင်းများကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိပေ။

ကျန်ရှိနေသည့် မြို့ ၃ မြို့ထဲက ထန်တလန်မြို့နယ်တွင် မြို့ပေါ်နေရာများသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး မြို့ပြင်နှင့် ကျေးလက်ဒေသများကို ချင်းအမျိုးသားတပ်ဦး CNA က စိုးမိုးထိန်းချုပ်ထားကြောင်း သိရသည်။

CNA သတင်းရင်းမြစ်က “ထန်တလန်မြို့ပေါ်မှာပဲ စစ်တပ်က ကွက်ကွက်လေး ရှိတော့တာ။ ထန်တလန်တစ်မြို့နယ်လုံးရဲ့ စစ်တပ် စခန်းနဲ့နေရာတွေကို CNA က စိုးမိုးရရှိထားပါတယ်။ ထန်တလန်မြို့ တိုက်ပွဲကလည်း မကြာခဏ ဖြစ်နေတာပါ။ ပတ်ပတ်လည်ကိုတော့ CNA နဲ့ ပူးပေါင်း တပ်တွေက ပိတ်ဆို့ထိန်းချုပ်ထားတယ်” ဟု ပြောသည်။

ချင်းပြည်နယ်ထဲက ပလက်ဝမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ချင်းညီနောင်က မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နှင့် ဖလမ်းမြို့နယ်တို့ကို သိမ်းပိုက်ထားကာ CNA က တွန်းဇံမြို့ကို သိမ်းပိုက်ထားသည့်အတွက် ချင်းပြည်နယ်အတွင်း ၈၅ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိထားပြီဟု သိရသည်။

ချင်းပြည်နယ်နှင့် ရခိုင်ပြည်တွင် တော်လှန်ရေးအင်အားစုများက အလုံးစုံ သိမ်းပိုက်ရရှိရန် မြို့ ၃ မြို့စီ ကျန်ရှိတော့ပြီး မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ ကင်းစင်သောနယ်မြေ ပထမဆုံး ဖြစ်လာနိုင်ခြေသည်ဟုလည်း စစ်ရေးသုံးသပ်သူများက ပြောဆိုနေကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ