တပ်တည်ထောင်သည့် ၁၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်း အာရက္ခတပ်တော် AA က ပြန်လည်တုန့်ပြန်ထားသည်။
ဧပြီလ ၁၀ ရက်နေ့သည် အာရက္ခတပ်တော် AA ၏ တပ်တည်ထောင်နေ့ ၁၆ နှစ်ပြည့် နေ့ဖြစ်ပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့က ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
အာရက္ခတပ်တော် AA ၏ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်အချက်အရ ဂုဏ်ပြုသဝဏ်လွှာပေါင်း ၂၇ ဖွဲ့ရှိကြောင်း သိရသည်။
ဂုဏ်ပြုသဝဏ်လွှာပေးပို့ကြသော အဖွဲ့အစည်းများအားလုံးကို အာရက္ခတပ်တော် AA က ကျေးဇူးတင်ကြောင်း ပြောဆိုထားပြီး တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များကို အမြန်ဆုံး အကောင်အထည်ဖော် အောင်မြင်စေရန် AA က ထုတ်ပြန်ထားသည်။
အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးခရီးကြမ်းတွင် အာရက္ခအိမ်မက်ကို အကောင်အထည်ဖော်ရန် မရပ်မနား ကြိုးပမ်းနေကြေသော ရခိုင်သူရဲကောင်းများကို လေစားဂုဏ်ယူပါကြောင်းလည်း ညီနောင်မဟာမိတ် MNDAA နှင့် TNLA တို့က ပြောသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု အလေးအနက်ကတိပြုသည်ဟုလည်း MNDAA နှင့် TNLA တို့က ပြောဆိုထားသည်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမျှတို့ကို အပြည့်အ၀အာမခံနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အဆုံးထိ တိုက်ပွဲ၀င်မည်ဟု ပြောဆိုထားသည်။
ဧရာဝတီ၏ အမှတ် ၂၉ ဗျူဟာ တပ်ရင်းကလည်း အာရက္ခပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းသည့် အာရက္ခအိမ်မက်ကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေး ဆထက်ထမ်းပိုး ပိုမိုဆောင်ရွက်နိုင်ပါစေဟု ထုတ်ပြန်ထားသည်။
တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ဘုံရန်သူများကို မျက်မှောက်ခေတ်တွင် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ULA/AA နှင့် လက်တွဲညီ တိုက်ပွဲဝင်သွားမည်ဟု မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်မတော်က ပြောသည်။