မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်း ဆောက်လက်စ အဆောက်အဦးတစ်ခု ပြိုကျသွားပြီးနောက် ကယ်ဆယ်ရေးများ ပြုလုပ်နေရာ အဆောက်အဦးထဲမှ ဖုန်းမီးဖြင့် အချက်ပြမှုများ တွေ့ရှိရသည်ဟု ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောသည်။
အဆောက်အဦးအား ဇုန် (Zone) များ သတ်မှတ်ပြီး ကယ်ဆယ်ရေးပြုလုပ်နေရာ Zone B ဘက်တွင် အဆောက်အဦး မျက်နှာပြင်အောက် ၃ မီတာအကွာတွင် တယ်လီဖုန်းမီးဖြင့် အချက်ပြနေသည်ကို တွေ့ရှိရသည်ဟု ယနေ့ နံနက် ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် ကယ်ဆယ်ရေးပြုလုပ်နေသူများက ပြောဆိုထားခြင်းဖြစ်သည်။
ကယ်ဆယ်ရေးပြုလုပ်နေသူများမှာ အဆောက်အဦးအား အနီးအောက်ရောင်ခြည်သုံး စကင်နာများဖြင့် ရှာဖွေယ်ကယ်ဆယ်ရေး ပြုလုပ်ရာတွင် ဖုန်းမီးအချက်ပြခြင်း တုန့်ပြန်မှု ရရှိခဲ့သည်ဟု ပြောသည်။
ဖုန်းမီး အချက်ပြမှုနှင့်အတူ လူနှစ်ဦးကိုလည်း ရှာဖွေတွေ့ရှိထားပြီး အဆောက်အဦးအတွင်း အသက်ရှင်နေသူများ ရှိသည်ဟု ကယ်ဆယ်ရေးပြုလုပ်သူများက မျှော်လင့်နေကြ၍ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေကြသည်။
ဖုန်းမီးအချက်ပြမှု နေရာသို့ အမြန်ဆုံးရောက်ရှိနိုင်ရန် ကယ်ဆယ်သမားများက အစွမ်းကုန် ကြိုးပမ်းနေကြသည်ဟု သိရပြီး တွေ့ရှိထားသည့် လူနှစ်ဦးမှာ အသက်ရှင်မှု ရှိမရှိကို မသိရသေးကြောင်း ထိုင်းမီဒီယာများက ဖော်ပြကြသည်။



ယင်းအပြင် အဆိုပါ Zone B မှ ယမန်နေ့ ဧပြီလ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ပျောက်ဆုံးနေသူ ရုပ်အလောင်း နှစ်လောင်းကိုလည်း ရရှိခဲ့ပြီး လက်ရှိတွင် ကယ်ဆယ်ရေးပြုလုပ်သူများက ထိုင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆေးပညာဌာနသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။
ဘန်ကောက်မြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အဦးမှာ စာရင်းစစ်ရုံး အဆောက်အဦးဖြစ်ပြီး ယနေ့ ဧပြီလ ၁၁ ရက်နေ့အထိ သေဆုံးသူ ၂၅ ဦးနှင့် ပျောက်ဆုံးနေသူ ၆၉ ဦးရှိကြောင်းလည်း ထိုင်းသတင်းဌာနများက ဖော်ပြထားကြသည်။