အာဏာသိမ်း စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ငြိမ်းချမ်းဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က တိုက်တွန်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ယမန်နေ့ ဧပြီလ ၁၃ ရက်တွင် ဖော်ပြသည်။
မကြာသေးမီက ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော BIMSTEC ထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ တွေ့ဆုံခဲ့သည်။
ထိုတွေ့ဆုံပွဲတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မင်းအောင်လှိုင်အား တော်လှန်ရေးတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပြောဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်က ဆိုသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆန္ဒရှိပါတယ်။ တွေ့ဆုံဆွေးနွေးဖို့လည်း အခွင့်အလမ်းများပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ဖို့လည်း ကျနော်တို့ ပြောထားတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျနော်တို့ ပြောတာကို သဘောတူပြီး နောက်ဆက်တွဲ ဆွေးနွေးပွဲတွေ လုပ်သွားပါလိမ့်မယ်” ဟု သက်ဆင်က ပြောသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် အာဆီဥက္ကဌ မလေးရှားဝန်ကြီးချုပ်၏ အကြံပေးလည်းဖြစ်ပြီး မြန်မာပြည် ငြိမ်းချမ်းသာယာစေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တိုက်တွန်းထားခြင်းဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိပြီး ဆွေးနွေးပွဲတစ်ခု ဖန်တီးပေးချင်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။
“ကျနော်တို့က တစ်ဖက်ဖက်က ရပ်တည်မှာ မဟုတ်ဘဲ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ဒါမှမဟုတ် ဖိုရမ်တစ်ခု ဖန်တီးပေးချင်ပါတယ်” ဟုလည်း သက်ဆင်က ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးခြင်းသည် မြန်မာပြည် ငြိမ်းချမ်းသာရေးအတွက် အရေးပါပြီး ပထမ ခြေလှမ်းအဖြစ် စတင်သင့်ကြောင်း သက်ဆင်က ဆိုသည်။
ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်မချင်း၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ မပြုလုပ်သရွေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ယုံကြည်နေသည်။
မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေသည်။
နေ့စဉ်နှင့်အမျှလည်း အရပ်သားပြည်သူများ၊ တော်လှန်ရေးတပ်ဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနှင့် စစ်အာဏာရှင် ဆန့်ကျင်သူများအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများကို အာဏာသိမ်း စစ်ကောင်စီက ဆက်တိုက် ပြုလုပ်နေသည်။