စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးအိုးဘို အကျဉ်းထောင်မှ အကျဉ်းသား ၃၀၀ ကျော် ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၀ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈၀ ဦးကျော်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အပါအဝင် အဖွဲ့အစည်း ၇ ခုက ဧပြီလ ၂၀ ရက်က ထုတ်ပြန်သည်။
သေဆုံးသူ ၃၀ ဦးထဲတွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး၊ နိုင်ငံရေးအကျဉ်းသူ ၁၀ နှင့် အခြားသော အကျဉ်းသား ၁၀ ဦးပါဝင်သည်ဟု သိရသည်။
ဧပြီလ ၁၆ ရက်နေ့ စာရင်းအရ အာဏာသိမ်း စစ်ကောင်စီက ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်း သေဆုံးသူ ၃၇၀၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၅၀၂၇ ဦးနှင့် ပျောက်ဆုံးနေသူ ၁၃၀ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။
သို့သော် အမှန်တကယ် သေဆုံးဒဏ်ရာရမှုများသမှာ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ထားသည်ထက် ပိုမိုများပြားခဲ့သည်ဟု အဆိုပါအဖွဲ့အစည်းများက ပြောသည်။
ငလျင်သင့်ခဲ့သည့် ဒေသများတွင် အကျဉ်းထောင်များလည်း ထိခိုက်မှုထဲ ပါဝင်ပြီး မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်သည် ငလျင်ကြောင့် ထိခိုက်သေဆုံးမှု အများဆုံးထောင်ဖြစ်ကြောင်း သိရသည်။
အကျဉ်းထောင်များမှာ ငလျင်ကပ်ဘေးကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ယခုအချိန်အထိ ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအဖွဲ့စည်းများထံမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် သတင်းအမှောင်ချခံထား ရကြောင်း ထုတ်ပြန်ထားသည်။
ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံရေးအကျဉ်းသူ/သားများ၏ အကျဉ်းထောင်တွင်း နေထိုင်ရမှုမှာ အချိန်မရွေး သေဆုံးနိုင်ချေရှိသည့် အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ အာဏာပိုင်များ၏ ခြိမ်းခြောက်ခံရမှုများကြားတွင် နေ့စဉ်နေထိုင်နေကြရလျက် ရှိကြောင်း သိရသည်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များထဲမှ နိုင်ငံရေးအကျဉ်းသားများအား စစ်ကောင်စီ၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန် အဆိုပါအဖွဲ့အစည်း ၇ ခုက တိုက်တွန်းတောင်းဆိုထားသည်။