Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာဏာသိမ်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဖြူမြို့နယ်တွင် ပဋိပက္ခများ တောက်လောင်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာထုတ် ယနေ့တွင် ထုတ်ပြန်သည်။

ကျောက်ဖြူမြို့နယ်၏ နေရာအများစုကို AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်ကောင်စီတပ် စခန်းများနှင့် မြို့တစ်ခုလုံး သိမ်းပိုက်ရရှိနိုင်ရန် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။

ကျောက်ဖြူဒေသမှာရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့စီးမံကိန်းများမှ စစ်ကောင်စီ နှစ်စဉ်ရရှိနေသော ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ဝင်ငွေမှာ AA ၏ ထိုးစစ်ကြောင့် ခြိမ်းခြောက်မှု ဖြစ်လာသည်ဟု အစီရင်ခံအရ ဆိုသည်။

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်ထဲက မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၄ ခုကို သိမ်းပိုက်ထားပြီး ကျောက်ဖြူမြို့ကို ဆက်လက် သိမ်းပိုက်ရရှိပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှုကြီးဖြစ်မည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။

အာရက္ခတပ်တော် AA အနေဖြင့် စီမံကိန်းဧရိယာများနှင့် ကျောက်ဖြူမြို့နယ်တစ်ခုလုံးကို သိမ်းယူနိုင်ရန် စစ်ရေးအင်အား အပြည့်ရှိနေပြီဖြစ်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းမှ ကင်းလှည့်စစ်ကြောင်းများကို AA က စတင်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ရေတပ်အနီး ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၂၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသလို ပြည်သူ ၃၀၀၀၀ ထက်မနည်းလည်း အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့ပေါ်တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်သည့် အခြေအနေကို ကြုံတွေ့နေရပြီး ရန်ကုန်မှ ကုန်စည်များ သယ်ယူလျှင်လည်း ကုန်သည်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးတင်းကျပ်မှုများကို ခံနေရသည်။

ရခိုင်ပြည်အတွင်းက ပြည်သူများမှာ ရန်ကုန်နှင့် ပြည်မမြို့များသို့ သွားမည်ဆိုလျှင် ကျောက်ဖြူမြို့သည် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်ပြီး လေကြောင်းကတစ်ဆင့် လာဘ်ငွေပေးပြီး စစ်ကောင်စီထံမှ လေယာဉ်လက်မှတ်များ ဝယ်ယူရသည်ဟု အစီရင်ခံအရ သိရသည်။

မကြာမီအချိန်တွင် ကျောက်ဖြူမြို့နယ်တစ်ခုလုံးသည် အာရက္ခတပ်တော် AA ထံသို့ ကျရောက်တော့မည်ဖြစ်၍ တရုတ်စီမံကိန်းများမှာ AA နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်သင့်ပြီဟုလည်း ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ