မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင် ယနေ့ ဧပြီလ ၂၂ ရက်နေ့က အင်အား အပျော့စား ငလျင် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ထုတ်ပြန်ထားသည်။
ယနေ့ နံနက် ၂ နာရီ ၉ မိနစ်တွင် ပြင်းအား ၁ ဒသမ ၅ မှ ၃ ဒသမ ၄ အထိ ငလျင် ၁၃ ခုအထိ လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ ယနေ့ နံနက် ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနယ်စပ် ထိုင်း တာ့ခရိုင်အနီးမှာ ပြင်းအား ၁ ဒသမ ၈ ရှိ အပျော့စားငလျင် အနက် ၃ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းမြေငလျင်စောင့်ကြည့်ရေးဌာနမှ ဆိုသည်။
မြန်မာနိုင်ငံအတွင်းမှာလည်း အပျော့စား မြေငလျင် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနက ပြောကြားထားသော်လည်း မြန်မာ မည်သည့်နေရာတွင် လှုပ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။
သို့သော်လည်း ထိုင်း တာ့ခရိုင်သည် မြန်မာနိုင်ငံ မြဝတီမြို့ဒေသနှင့် နီးစပ်သောကြောင့် ၁၃ ကြိမ်အထိ လှုပ်ခတ်ခဲ့သော မြေငလျင်မှာ မြန်ဘက်ခြမ်းကိုလည်း သက်ရောက်မည်ဟု သုံးသပ်ရသည်။
ဆက်လက်ပြီး ထိုင်းနိုင်ငံ ဖူတ်ဖရခရိုင်နှင့် မယ်ဟောင်ဆောင်ခရိုင်တို့တွင်လည်း ယနေ့ နံနက် ၄ နာရီ ၄ မိနစ်အချိန်က ပြင်းအား ၃ ဒသမ ၄ ဖြင့် လှုပ်ခတ်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနက ဆိုသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်သေဆုံးမှုများ စာရင်းကို ဒေသခံပြည်သူများက စာရင်းပို့ပေးထားခြင်းမရှိသေးကြောင်း ထိုင်းဘက် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ပြင်းအား အလွန်ပြင်းထန်သော မြေငလျင် လှုပ်ခတ်မှုများကြောင့် ထိုင်းနှင့် မြန်မာတွင် ထိခိုက်ပျက်စီးမှုများ၊ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုငလျင်ကြောင့် ထိုင်း ဘန်ကောက်မြို့တွင် ဆောက်လက်စအဆောက်အဦးပြိုကျ၍ လူ ဒါဇင်နှင့်ချီ သေဆုံးခဲ့သလို မြန်မာအလယ်ပိုင်းဒေသက လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့ပြီး ပြည်သူ သိန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။