Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း မိုင်းရှင်းလင်ရေးလုပ်နေသည့် AAတပ်ဖွဲ့များအား တွေ့ရစဉ်။ ဓါတ်ပုံ- APM

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသတွင် ကလေးမိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့မှုဖြင့် အာရက္ခတပ်တော် AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရသည်။

AA အဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့က ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ်တစ်ဦး၏ မိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု မိသားစုဝင်များနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) တို့က စွပ်စွဲပြောဆိုထားကြသည်။

ယခုလ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် စိမ်းစင်းကျေးရွာက အမျိုးသမီးမှာ ဟင်းခူးရန် ယာခင်းသို့ သွားရောက်စဉ် လမ်းတွင် AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုထားကြသည်။

အမျိုးသမီးဘက်မှ စွပ်စွဲချက်မှာ “အိမ်ကနေ ယာခင်းသို့ သွားတာ ၁၀ မိနစ်လောက်ပဲဝေးတယ်။ ခရမ်းသီးခူးဖို့ ယာခင်းသို့ သွားတာ။ အိမ်ကို ပြန်မရောက်တာကြာလို့ ယောက္ခမဖြစ်သူက စိတ်မချလို့ ရှာဖို့ လိုက်လာရာမှာ အမျိုးသမီးကို AA တပ်သားနှစ်ဦးက မုဒိမ်းကျင့်ပြီးမှ ရေနစ်သတ်နေတာကို တွေ့တယ်။ တပ်သားနှစ်ဦးမှာ တစ်ဦးက အရာရှိဖြစ်ပြီး တစ်ဦးက ရေနစ်သတ်နေချိန် တစ်ဦးက ကင်းစောင့်ပေးနေတယ်” ဟု မိသားစုဝင်တစ်ဦးက စွပ်စွဲထားကြသည်။

Global Khumi Organization (ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့) နှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) တို့က အဆိုပါဖြစ်စဉ်ကို အတည်ပြုထားကြသည်။

“အခု AA ရှိတဲ့ အချိန်မှာ ဒီအမှုတွေက ဖြစ်ပေါ်လာတာဖြစ်လို့ ကျွန်တော်တို့ ULA/AA ကို ပြစ်တင်ရှုတ်ချတာမျိုး မဟုတ်သော်ငြားလည်း အခုလက်ရှိမှာ AA ရဲ့ ထိန်းချုပ်နယ်ပယ်မှာ အခုလိုဖြစ်တာဆိုတော့ အေအေအနေနဲ့ အကောင်းဆုံး တာဝန်ယူမှု၊ တာဝန်ခံမှုအနေနဲ့ ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ဟာ။ ပြီးတော့ ဒီအမှုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းရဲ့ ချိုးဖောက်တဲ့ အမှုလို့တော့ မြင်တယ်” ဟု IKACC/ PC မှ တာဝန်ရှိသူက ချင်းအခြေစိုက်မီဒီယာတစ်ခုကို ပြောဆိုထားသည်။

သို့သော်လည်း အာရက္ခတပ်တော် ULA/AA တို့ဘက်က ယခုဖြစ်စဉ်ကို တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်း မရှိကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ Western News က ULA/AA တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဆက်လက်၍ “လူမျိုးတူခြင်းမတူခြင်းအပေါ် အခုလို ဖြစ်တာက ကျွန်တော်တို့ ခူမီးတစ်ရပ်လုံးကို စော်ကားသလို ဖြစ်တယ်ဆိုတာ လှမ်းပြောထားတယ်။ ဆိုတော့ ဒီအမှုကို အကောင်းဆုံးဘယ်လို လုပ်ဆောင်မလဲ၊ ကျွန်တော်တို့ လိုလားတာသည် ဒီအမျိုးသမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု သူတစ်ဦးတင်မက သူ့ရဲ့ မိသားစု၊ ဆွေမျိုးတစ်ရပ်လုံးရဲ့ လုံခြုံမှုပေးချင်တယ်။ ဒီအတွက် အကောင်းဆုံးဖြေရှင်းဖို့အတွက် ပြောထားတာရှိတယ်” ဟု IKACC/ PC မှ တာဝန်ရှိသူက ပြောဆိုသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်တွင် အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ နှစ်ဦးကို အာရက္ခတပ်တော် AA က ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

ကျူးလွန်သူနှစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် ကိုကျော်ထွန်းလင်းနှင့် ကိုနေထွန်းလင်းတို့ဖြစ်ပြီး ၎င်းတို့ကို ဖမ်းဆီးနိုင်ရန် ပလက်ဝမြို့နယ်အတွင်း ဓါတ်ပုံနှင့်တကွ ဆိုင်းဘုတ်ထောင် ရှာဖွေနေကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။

ယခု ဖမ်းဝရမ်းထုတ်ထားသည့် အဓမ္မကျင့်မှုနှင့် စိမ်းစင်းကျေးရွာက အဓမ္မပြုကျင့်မှု ဖြစ်စဉ်မှာ မတူဘဲ သီးခြားစီဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီထံမှ အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် သိမ်းပိုက်ရယူခဲ့ပြီးနောက် မြို့အုပ်ချုပ်ရေးကို AA က စီမံနေခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ပြီးနောက်ပိုင်း ပလက်ဝမြို့နယ်တွင် အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ် နှစ်ခု ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး ကျူးလွန်သူ တရားခံများကို ဖမ်းဆီးရရှိခြင်းမတွေ့ရသေးပေ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ