အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ပေါက်တောမြို့နယ်သို့ သွားရောက်သည့် စစ်တွေဒေသခံ ၃၄ ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီးသွားကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့နယ်သို့ သွားရောက်နိုင်ရန် စစ်တွေမြို့ မိဇံရပ်ကွက် ကိုရီးယားဆိပ်ကမ်းတွင် စက်လှေသို့ သွားရောက်စဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် ALP တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြန်လွတ်လာသည့် ဒေသခံများက ပြောသည်။
“မနေ့က ညနေ ၄ နာရီကျော်လောက်မှာ ပွဲစားက စက်လှေသို့ ဆင်းလာဖို့ ခေါ်တယ်။ ကိုရီးယားဆိပ်ကမ်းမှာ စက်လှေက စောင့်နေတယ်။ စက်လှေသို့ ဆင်းဖို့ လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတွေနဲ့ ALP တပ်ဖွဲ့ဝင်တွေက လာဖမ်းတာ။ ကျနော်တို့ ၄ ယောက်က ပြေးလို့ လွတ်လိုက်တယ်။ ကျန်တဲ့သူတွေ အဖမ်းခံထားရတယ်” ဟု ပြန်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
စစ်တွေမြို့ထဲတွင် စစ်ရှောင်နေရသော ဗျိုင်းဖြူရွာသား ၁၀ ဦးနဲ့ အခြားဒေသခံ စုစုပေါင်း ၃၄ ဦးက ပေါက်တောမြို့နယ်သို့ သွားရောက်ရန် ပွဲစားနှင့် တစ်ဆင့် စီစဉ်ကြခြင်းဖြစ်သည်။
အဆိုပါ လူ ၃၄ ဦးကို ပွဲစားက မိဇံရပ်ကွက်ရှိ အိမ်လွတ်တစ်လုံးတွင် ၃ ရက်ကြာ ထားရှိပြီးနောက် ယမန်နေ့တွင် လွတ်မြောက်နယ်မြေသို့ သွားရောက်ရန် ပြင်ဆင်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယင်း ၃၄ ဦးထဲက ၄ ဦးသာ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးသွားကာ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရသေးကြောင်းနှင့် မည်သူများပါဝင်သည်ကို Western News က စုံစမ်းနေဆဲဖြစ်သည်။
ပြန်လွတ်မြောက်လာသည့် ဗျိုင်းဖြူရွာသားတစ်ဦးက “ကျနော်တို့ရွာက ၁၀ ဦးပါတယ်။ ကလေးနှစ်ဦး၊ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၄ ဦးပါ ပါတယ်။ ကျတဲ့သူတွေကိုတော့ ဘယ်ကလည်းဆိုတာ မသိဘူး။ ကျနော်တို့ အမျိုးသား ၄ ဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီးတော့ ကျန် ၆ ဦးက ဆက်လက် အဖမ်းခံထားရတယ်။ ကလေးနှစ်ဦးထဲက တစ်ဦးမှာ ၆ လသားအရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။ အဖမ်းခံထားရတဲ့ သူတွေ ပြန်လွတ်မြောက်ဖို့ စစ်ကောင်စီတပ်နဲ့ ALP က တစ်ဦးကို ငွေကျပ် ၁၅ သိန်းတောင်းတယ်လို့ ပြောသံကြားတယ်။ အခုအထိတော့ ပြန်မလွတ်ကြသေးဘူး” ဟု ပြောသည်။
ဖမ်းဆီးမခံရမီ နာရီပိုင်အလိုတွင် မိဇံရပ်ကွက်အုပ်ချုပ်ရေးမှူးက သတင်းရရှိသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုင်းတန်းရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
“ပွဲစားက ခွင့်ပြုချက်မရှိဘဲနဲ့ မိဇံရပ်ကွက်က နေအိမ်အလွတ်မှာ ၃ ရက်ကြာထားတယ်။ အဲဒါကို အိမ်ပိုင်ရှင်က သိသွားပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို သွားတိုင်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုင်တော့ အဲမှာ အဖမ်းခံရတာ ဖြစ်တယ်။ ကျနော်တို့က ပွဲစားကို ငွေကျပ် ၁၀ သိန်းပေးပြီး ပေါက်တောမြို့နယ်ဘက်ကို သွားဖို့လုပ်တာ။ အခု အဖမ်းခံရတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ALP တပ်ဖွဲ့ဝင်တွေက ငွေကျပ် ၁၅ သိန်း ထပ်တောင်းတယ်။ ဒီစစ်ရှောင်တွေ ဘယ်က ပိုက်ဆံနဲ့ ပေးရမလဲ။ အဖမ်းခံထားရတဲ့ သူတွေအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။
ပြန်လွတ်လာသည့် ဗျိုင်းဖြူရွာသား အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရန် ရှာဖွေနေ၍ စစ်ရှောင်စခန်းများတွင် ပြန်မနေရဲတော့ဘဲ အဆင်ပြေသည့် နေရာတစ်ခုတွင် ပုန်းခိုနေရသည်ဟု သိရသည်။
စစ်တွေမြို့အနီးက ကျေးရွာပေါင်း ၂၀ ကျော်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင်ထုတ်ထား၍ ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာ စစ်တွေမြို့ထဲက ဘုန်းတော်ကြီးကျောင်းနှင့် အဆင်ပြေသည့် နေရာများတွင် စစ်ဘေးရှောင်နေကြရသည်။
စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရွာကိုလည်း ပြန်၍ မရသောကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အာရက္ခတပ်တော် AA ထိန်းချုပ်သော မြို့နယ်များသို့ သွားရောက်ရန် စီစဉ်လာခြင်းဖြစ်သည်။
စစ်ဘေးရှောင်များအား လက်ခံထားသူတစ်ဦးက “စစ်ဘေးရှောင်တွေက သူတို့မှာ ရွာထဲလည်း ပြန်နေထိုင်ခွင့်မရှိဘူး။ ဒုက္ခသည်စခန်းမှာလည်း ဘာအထောက်အပံ့မှ မရတော့ အသက်ရှင်တည်ဖို့ ခက်ခဲလာကြတယ်။ အဲတော့ သူတို့ဟာ မရှိ ရှိတာလေးကို ရောင်းချပြီး ပွဲစားတွေနဲ့ လွတ်မြောက်နယ်မြေတွေကို သွားကြတယ်။ စစ်ကောင်စီတပ်တွေက အဲဒါကို ဖမ်းတယ်။ ပြည်သူတွေအတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းကလည်း စစ်တွေမြို့အတွင်း လူငယ် ၃၀ ဦးထက်မနည်းကို ည အချိန်တွင် ဖမ်းဆီးသွားကြောင်း သိရပြီး အသေးစိတ်သိရှိနိုင်ရန် Western News က စုံစမ်းနေဆဲဖြစ်သည်။
စစ်တွေမြို့အနီးတွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။