လေးမြို့မြစ်ကမ်းဘေးတွင် တည်ထားသော ရခိုင်ပြည် မင်းမင်းပြားမြို့မှာ မိုးရာသီကာလ နှစ်စဉ် ကမ်းပြိုမှုကို ကြုံတွေ့ရပြီး ရာနှင့်ချီသော လူနေအိမ်များ ကမ်းပြိုမှုထဲပါသွားကြောင်း ဒေသခံများထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများလာ၍ လေးမြို့မြစ်အတွင်း ရေစီးသန်ပြီး နှစ်စဉ်ကမ်းပြိုလေ့ရှိကြောင်း သိရသည်။
လေးမြို့မြစ် မြစ်ကမ်းဘေးတွင်ရှိသော မြောက်ဦးမြို့နယ်က ကျေးရွာများ၊ မင်းပြားမြို့နယ်က ကျေးရွာများနှင့် မင်းပြားမြို့တို့မှာ ကမ်းပါးပြိုကျမှုကို နှစ်စဉ်ခံနေရခြင်းဖြစ်သည်။
ယခု လာမည့် မိုးရာသီကာလတွင်လည်း ရေစီးပြင်းမှုဒဏ်နှင့် ကမ်းပါးပြိုကျပြီး လူနေအိမ်များ ထပ်မံ ထိခိုက်ပျက်စီးမည်ကို မင်းပြားဒေသခံများက စိုးရိမ်နေကြကြောင်းပြောသည်။
မင်းပြားမြို့ရပ်မိရပ်ဖ တစ်ဦးက “ဒီကမ်းပါးပြိုတာက နှစ်တိုင်းလိုလို ပြိုနေတာပဲ။ မြို့တောင် မကျန်တော့ဘူး။ ဒီနှစ်ပြိုရင် နေအိမ်တွေ၊ ရေကန်တွေရော ကပ်ပါနိုင်တယ်။ စိုးရိမ်တာတော့ စိုးရိမ်ရတာပဲ။ အရင်က ကမ်းထိန်းနံရံတွေ လုပ်ပေမယ့်လည်း အဲ့နံရံတွေပါ အကုန် ပြိုကျသွားတာမျိုးတွေ ဖြစ်နေတော့ ဒါကမြို့အတွက် စိုးရိမ်စရာတစ်ခုပဲ” ဟု ပြောသည်။
မြစ်ကမ်းပါးများ ပြိုကျပျက်စီးသွားခြင်းမှာ လေးမြို့မြစ်ရေက ကမ်း၏ အောက်ခြေကို တိုက်စား၍ဖြစ်ကြောင်း မင်းပြားဒေသခံတစ်ဦးက ပြောသည်။
“ဒီ ကမ်းပါးပြိုတာက ရိုးရိုးတိုက်စားပြီး ပြိုတာမဟုတ်ဘူး။ ရေက အောက်ဘက်ကိုအရင် တိုက်စားတာ။ အောက်ခြေက ဘာမှမကျတော့မှ ဝုန်းဆိုပြီး ပြိုကျတာပဲ။ မိုးအရမ်းသည်းပြီးဆိုရင် မြစ်ရေက ရေစီးတအားသန်တော့ မြစ်ကမ်းပါးတွေ မခံနိုင်ကြဘူး။ ပြီးတော့ ကျနော်တို့ဘက်က မြေတွေက မြေအမာမဟုတ်ဘူး။ နှုံးမြေပိုများတယ်။ တောင်တွေနဲ့ သစ်ပင်တွေနဲ့ ဖြစ်နေတဲ့ ကမ်းပါးကတော့ မပြိုကျဘူးပေါ့လေ။ ကျေးရွာတွေ အများစုက နှုံးမြေရှိတဲ့နေရာတွေ တည်ထားကြတာ ပိုများတယ်။ မင်းပြားမြို့လည်း အဲဒီလိုပဲ။ နှုံးမြေဖြစ်တယ်” ဟု ပြောသည်။
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့တွင် မြို့ဧရိယာ သုံးပုံပုံ၍ တစ်ပုံမှာ ရေထဲပါသွားပြီဖြစ်ကြောင်းနှင့် မြစ်ကမ်းဘေးရှိ ကျေးရွာပေါင်း ၅၀ ခန့်မှာလည်း ကမ်းပြိုကျ၍ ရွာများကို နောက်ဆုတ်ထားရကြောင်း မင်းပြားဒေသခံများက ပြောဆိုကြသည်။
စစ်ကောင်စီ အုပ်ချုပ်ချိန်က မင်းပြားကမ်းပြိုကျမှုအတွက် ကမ်းထိန်းနံရံများပြုလုပ်ပေးခဲ့သော်လည်း တစ်ရာသီတောင် မခံခဲ့ကြောင်းနှင့် မင်းပြားမြို့နယ်မှာ ကမ်းပြိုမှုကို နှစ်စဉ်ခံနေရခြင်းဖြစ်သည်။
စစ်ကောင်စီ လုပ်ပေးခဲ့သော ကမ်းထိန်းနံရံများမှာ အရည်အသွေး ညံ့ဖျင်းမှုများကြောင့် မြစ်ရေတိုက်စားမှုများကို မခံနိုင်ကြောင်းလည်း မင်းပြားဒေသခံများက ပြောဆိုကြသည်။
ထိုကြောင့် မင်းပြားမြို့ပေါ်နှင့် ကျေးလက်ဒေသက လူနေအိမ် အမြောက်အများ ရေထဲပါသွား၍ နှစ်ပေါင်း ၃၀ အတွင်း အိုးမဲ့အိမ်ဖြစ်ခဲ့ရသည့် မိသားစု ၃၀၀ ထက်မနည်းရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့၏ ကမ်းပြိုကျမှုကို ကာကွယ်ရန် အာရက္ခတပ်တော် AA က လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု ဒေသခံပြည်သူများက မျှော်လင့်နေကြသည်။