Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးဖြင့် တည်ဆောက်၍ မရနိုင်ဆိုသည်ကို အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် ပြုလုပ်သော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာ ဘယ်သို့သော စစ်အုပ်ချုပ်ရေးနဲ့မဆို တိုင်းပြည်ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ဘူးဆိုတာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်က သက်သေပဲဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ပြောသည်။

မြန်မာပြည် အေးချမ်းစေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် တွန်းအားပေးနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် ထားသည့် သဘောထားများကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြရန်လည်း ဒူဝါလရှီးလ က တိုက်တွန်းထားသည်။

ယင်းအပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူလူထု၏ အဓိက လိုလားချက်များကိုလည်း လျစ်လျူရှုမထားကြရန် အားလုံးက အာရုစိုက်ကြရမည်ဟု ဆိုသည်။

အာဆီယံနှင့် နိုင်ငံတကာကလည်း ငလျင်ကိုအကြောင်းပြုပြီး မြန်မာပြည်ငြိမ်းချမ်းရေးကို ပိုပြီးဖိအားပေးလာဖွယ်ရှိ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ကြိုတင်ပင်ဆင်မှုများ လိုအပ်လာကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

“နိုင်ငံတကာရဲ့ ဖိအားကလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆိုရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ နောက်ထပ် လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကိုလည်း ကျွန်‌တော်တို့ဖက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။

မဟာမိတ်တော်လှန်ရေး အင်အားစုများဖြင့် စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးနိုင်ရန် ကြိုးပမ်းရင်း နိုင်ငံရေးကိုလည်း အင်ပြည့်အားပြည့် ပြုလုပ်ထားရန် လိုအပ်သလို အနာဂတ်ဖက်ဒရယ်အရေးကိုလည်း ရှုထောင့်စုံက ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ထားကြောင်း ကြေညာထားသော်လည်း ပြည်သူများအား လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည့်အပေါ်လည်း စိတ်ပျက်ဖွယ်ကောင်းသည်ဟု မန်းဝင်းခိုင်သန်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာရန် တိုက်တွန်းနေခြင်းများကို ကြိုဆိုပြီး မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အစဉ်တစ်စိုက် လိုလားကြောင်းလည်း ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ