အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခဖြစ်ပွားမှုအရှိန်မြှင့်တက်လာ၍ အိန္ဒိယရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူးသတိထား နေထိုင်ရမည့် အချက်များကို ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committee မှ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံထဲက နယူးဒေလီ၊ မီဇိုရမ်၊ မဏိပူရနှင့် နာဂလဲန်း ဒေသတို့တွင် ၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်များအဖြစ် အများအပြား ခိုလှုံလျက်ရှိနေကြသည်။
အန္ဒိယနိုင်ငံက ဒုက္ခသည်ကွန်ဗန်းရှင်းကို လက်လက်မှတ်ထိုးထားသည့်အတွက် မြန်မာနိုင်ငံသားများ ခိုလှုံမှုကို လက်ခံထားပြီး ယခုအချိန်တွင် မြန်မာနိုင်ငံသားများအနေဖြင့် အထူးသတိထား နေထိုင်ရမည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များမှာ မူးယစ်ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားခြင်း မပြုလုပ်ရ၊ အိန္ဒိယဥပဒေများကို လေးစားလိုက်နာရန်၊ အခါအားလျော်စွာ ထုတ်ပြန်သော ဒေသအာဏာပိုင်အဖွဲ့အစည်းများ၏ စည်းကမ်းချက်များအား လိုက်နာကြရန် ဖြစ်သည်။
ယင်းအပြင် မိမိတို့နေထိုင်သော ပတ်ဝန်းကျင်ရှိ ဒေသခံများနှင့် လိုက်လျောညီထွေ ဆက်ဆံပေါင်းသင်းရန်နှင့် မြန်မာအဖွဲ့အစည်းများမှ ထုတ်ပြန်သော သတိပေးစာများကိုလည်း လေးစားလိုက်နာရန်တို့ဖြစ်သည်။
အိန္ဒိယနိုင်ငံ ထိန်းချုပ်ထားသော ဂျမူးနှင့် ကတ်ရှမီးယားဒေသတို့တွင် ဧပြီလ ၂၂ ရက်နေ့က အကြမ်းဖက် စစ်သွေးကြွများမှ ခရီးသွားပြည်သူများအား တိုက်ခိုက်သတ်ဖြတ်၍ ခရီးသည် ၂၆ ဦးထက်မနည်း သေဆုံးသွားခြင်းအပေါ်မှာ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခဖြစ်ပွားမှု အရှိန်မြှင့်တက်လာခြင်းဖြစ်သည်။
ထိုအကြမ်းဖက် တိုက်ခိုက်မှုကို အခြေခံ၍ အိန္ဒိယနိုင်ငံက ပါကစ္စတန်ကို ဗီဇာပိတ်ပင်ခြင်း၊ ရေပေးဝေမှုကို ဖြတ်တောက်ထားခြင်း၊ သံတမန်ဆက်ဆံရေးများကို ရပ်တန့်ထားခြင်းနှင့် ကုန်စည်စီးဆင်းမှုများအား ရပ်တန့်ထားသည်။
အိန္ဒိယနိုင်ငံက ယင်းသို့ တုန့်ပြန်ထားခြင်းအပေါ် ပါကစ္စတန်ဘက်ကလည်း နျူကလီးယားများဖြင့် ပြန်လည်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထား၍ အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ပဋိပက္ခတင်းမာနေကြသည်။
သို့ဖြစ်၍ အိန္ဒိယရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပဋိပက္ခကြား မပါဝင်မိစေရန်နှင့် အိန္ဒိယအစိုးရ၏ မလိုမုန်းတီးမှုကို မခံရစေရန် ချင်းဒုက္ခသည်ကော်မတီအဖွဲ့က အထူးသတိပေး တိုက်တွန်းထားခြင်းဖြစ်သည်။