(ဒေသခံပြည်သူများ ကျားဖြန့်ငွေလိမ်ဂိုဏ်းအား ကူညီလျှင်အရေးယူမည်ဟု ‘ဝ’ အစိုးရအဖွဲ့ပြော)
အွန်လိုင်းမှငွေလိမ်ကြသည့် ကျားဖြန့်ဂိုဏ်းအဖွဲ့ဝင် တရုတ်နိုင်ငံသား ၇၂ ဦးကို UWSA ‘ဝ’ အစိုးရအဖွဲ့က ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်အစိုးရအဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
‘ဝ’ ထိန်းချုပ်ရာ မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် Meng’a ဆိပ်ကမ်းမှတစ်ဆင့် UWSA က တရုတ်ထံသို့ ကျားဖြန့်လုပ်ကိုင်သူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ကျားဖြန့်လုပ်ကိုင်သူများထံမှ မိုဘိုင်းလ်ဖုန်း ၃၀၁ လုံး၊ ကွန်ပျူတာ ကိရိယာ ၃၁ လုံး၊ လက်တော့ပ် ၉ လုံးနှင့် တက်ဘလက်ကွန်ပျူတာ ၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ‘ဝ’ က ဧပြီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
UWSA ‘ဝ’ ထိန်းချုပ်ရာဒေသများတွင် အွန်လိုင်းငွေလုပ်ငန်းများကို နှိမ်နှင်းနေပြီး ဖမ်းဆီးရမိသူများအား တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးနေကာ ထပ်မံပြီးလည်း အွန်းလိုင်းငွေလိမ်လုပ်ငန်းများကို တိုက်ဖျက်တားဆီးသွားမည်ဟု ‘ဝ’ အစိုးရအဖွဲ့က ပြောဆိုထားသည်။
ဒေသခံပြည်သူများအနေဖြင့်လည်း ကျားဖြန့်လုပ်ငန်း အွန်လိုင်းငွေလိမ်မှုများအား ကူညီနေပေးနေပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း ‘ဝ’ အစိုးရအဖွဲ့က ဆိုသည်။
ငွေလိမ်လုပ်ငန်းများတွင် မည်သည့်ပုံနှင့်မဆို ပါဝင်ခြင်းမပြုလုပ်ရန်နှင့် တွေ့ရှိက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်းနှင့် ရုံးခန်းနေရာငှါးရမ်းပေးပါကလည်း အိမ်နှင့် ခြံမြေများအား သိမ်းဆည်းသွားမည်ဟု သိရသည်။
ကျားဖြန့် ငွေလိမ်လုပ်ငန်းများတွင် ပါဝင်နေသူများရှိပါကလည်း သိရှိသူများအနေဖြင့် ‘ဝ’ အစိုးရအဖွဲ့ထံသို့ အကြောင်းကြားပေးကြရန်လည်း ဒေသခံပြည်သူများအား တိုက်တွန်းထားကြသည်။