မွတ်ဆလင်လူမျိုးများအတွက် ရခိုင်ပြည်ကို သီးခြားလွတ်လပ်သော ပြည်နယ်ထူထောင်ပေးရန် တရုတ်ကွန်မြူနစ်ပါတီနှင့်တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံးပါတီဖြစ်သော JLB က အဆိုပြုတောင်းဆိုလိုက်သည်။
တရုတ်ကွန်မြူနစ်ပါတီ CCP မှ ကိုယ်စားလှယ်များနှင့် ဘင်္ဂလားဒေ့ရှ် အကြီးဆုံးပါတီ ဂျာမတ်-အီ-အစ္စလာမီ JLB ပါတီတို့ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် ဒါကာမြို့၌ တွေ့ဆုံကြစဉ် JLB ဘက်မှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွတ်ဆလင်လူဦးရေ ၁ ဒသမ ၂ သန်းကျော်ရှိပြီး ရခိုင်ပြည်ထဲတွင်လည်း မွတ်ဆလင်များရှိနေကာ လူသားမဆန်သော လုပ်ရပ်များအတွက် အစားအသောက်နှင့် အမိုးအကာများ ပေးနေခြင်းမှာ ပြဿနာ၏ အဖြေမဟုတ်ကြောင်း JLB က ပြောသည်။
ထိုကြောင့် ပြဿနာ၏ ဖြေရှင်းနည်းဖြစ်သော မွတ်ဆလင်များအတွက် ကိုယ်ပိုင်မြေပေါ် ရခိုင်ပြည်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ကို လွတ်လပ်သော ပြည်နယ်တည်ထောင်ပေးရန် လိုအပ်ကြောင်း JLB က ဆိုသည်။
တရုတ်အစိုးရသည် မြန်မာနိုင်ငံနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး မွတ်ဆလင်များအတွက် ရခိုင်ပြည်လွတ်မြောက်ရန် အရေးပါသော အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်သည်ဟု ပြောသည်။
ရခိုင်ပြည် မြို့နယ် ၁၇ ခုအနက် ၁၄ ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး ကျန် ၃ မြို့နယ်ကိုလည်း သိမ်းပိုက်ရရှိရန် တိုက်ခိုက်နေသည်။
မွတ်ဆလင်အများစုရှိသော ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသတို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက မွတ်ဆလင်ဒုက္ခသည်များအား နေရပ်ပြန်ပို့နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီး ကုလသမဂ္ဂအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည်။
ကုလသမဂ္ဂအဖွဲ့ အကြီးအကဲ ဂူတာရက်စ်ကလည်း မွတ်ဆလင်များ နေရပ်ပြန်ပို့နိုင်ရေးအတွက် အာရက္ခတပ်တော် AA နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်သင့်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အား တိုက်တွန်းပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရကမူ မွတ်ဆလင်များနေရပ်ပြန်ပို့ရေးအတွက် အာရက္ခတပ်တော် AA နှင့် ထိတွေ့ပြောဆိုမှုထက် အာဏာသိမ်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေသည်။
ထောင်ချီသော မွတ်ဆလင်များအား နေရပ်ပြန်ပို့ပေးမည်ဟု ဧပြီလ ပထမအပတ်က ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အစည်းအဝေးတစ်ခုတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။