ရခိုင်ပြည်မှာ ဒေသထွက် ကွမ်းသီး ယခုနှစ်အတွင်း ဈေးကောင်းရရှိနေပြီး ၂၅ ပိဿာပါဝင်သော တစ်မောင်းကို ကျပ် ၁၀ သိန်းအထိ ဈေးရရှိနေသည်ဟု ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်နှစ် ယခုအချိန်အတွင်း ကွမ်းသီးဈေးမှာ တစ်မောင်းကို ကျပ် နှစ်သိန်းဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့နယ်မှ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက “အရင်နှစ်တွေထဲက ဒီအချိန်မှာ ကွမ်းသီး ၁ မောင်းကို ကျပ် ၁ သိန်းကနေ ၁ သိန်းကျော်ကျော်လောက်ပဲ စျေးရှိတယ်။ ဒီနှစ်တော့ ကွမ်းသီရာသီအတွင်း ဒီအချိန်မှာ စျေးကောင်းအရဆုံးဖြစ်နေတယ်။ ဒါပေမယ့် ရောင်းမယ့် ကွမ်းသီးတွေကလည်း သိပ်မရှိကြတော့ပါဘူး” ဟု ပြောသည်။
ရခိုင်ကထွက်ရှိသော ကွမ်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တင်ပို့နေ၍ ဈေးကောင်းရရှိခြင်းဟု ကွမ်းသီးကုန်သည်များက ဆိုသည်။
ယခုနှစ် ကွမ်းသီးစပေါ်ချိန်က ၂၅ ပိဿာပါဝင်သော ကွမ်းသီး တစ်မောင်းကို ကျပ် ၁ သိန်းကျော် ရှိရာကနေ ကျပ် ၅ သိန်းအထိ ဈေးတက်သွားပြီး ယခုရက်ပိုင်းအတွင်း ကျပ် ၁၀ သိန်းအထိ ထိုးတက်သွားကာ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရခိုင်ပြည်က ကွမ်းသီးအပြင် ဧရာဝတီတိုင်းဘက်မှလည်း ကွမ်းသီးများ တင်ပို့နေပြီး ရခိုင်က ကွမ်းသီးမှာ ဧရာဝတီကွမ်းသီးထက် အရည်အသွေးညံ့နေသေးကြောင်းလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ် ကွမ်းသီးကုန်သည်များက ဆိုသည်။
ရခိုင်ပြည်က ကွမ်းသီးမှာ ဈေးကောင်းရရှိနေသော်လည်း ဧရာဝတီဘက်မှ ကွမ်းသီးနှင့်စာလျှင် ဈေးနည်းနေသေးကြောင်းနှင့် ကုန်သည်အချို့မှာ ဧရာဝတီဘက်မှ ကွမ်းသီးအား ဝယ်လိုအား ပိုကောင်းနေသည်ဟု သိရသည်။
ရခိုင်ဘက်မှ ကွမ်းသီးအား မဝယ်ယူဘဲ ဧရာဝတီဘက်မှ ကွမ်းသီးအား ဝယ်ယူကာ ဘင်္ဂလားဒေ့ရှ်ကို ကုန်သွယ်နေသည့် ရခိုင်ကုန်သည်တစ်ဦးက ယခုလိုပြောသည်။
“ကျနော်က ရခိုင်က ကွမ်းသီးကို မဝယ်တော့ဘူး။ ဧရာဝတီကွမ်းသီးနဲ့စာရင် အရည်အသွေး ညံ့တယ်။ ပြီးတော့ ဝယ်ယူရတဲ့ဈေးက တအားများနေတော့ ဘင်္ဂလားဒေ့ရှ်ဘက်တွင် ပြန်ရောင်းရတာ မကိုက်ဘူး။ ဒါ့ကြောင့် ရခိုင်က ကွမ်းသီးကို ဝယ်ယူဖို့ ခေတ္တဆိုင်းငံ့ထားတယ်” ဟု ပြောသည်။
သို့သော်လည်း ရခိုင်ကွမ်းသီးကိုပဲ သီးသန့်ဝယ်ယူကာ ကုန်သွယ်နေကြသည့် လုပ်ငန်းရှင်အချို့ ရှိနေ၍ ရခိုင်ကွမ်းသီးမှာ ဈေးဆက်လက် ကောင်းနေအုံးမည်ဟုလည်း ကွမ်းသီးခြံပိုင်ရှင်များက ပြောဆိုကြသည်။