Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ref: ဘန်ကောက်ပို့စ် (ထိုင်းဖုန်းဆင်းကတ်ဝယ်ယူနေသော နိုင်ငံခြားသားတစ်ဦး)

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများ ကိုင်ဆောင်သည့် ဖုန်းနံပါတ် ၇ သိန်းကို ခေါ်ဆိုပြီး ပိုင်ရှင်အမည်နှင့် အသုံးပြုသူအမည် ကိုက်ညီမှုရှိမရှိကို စစ်ဆေးအတည်ပြုသွားမည်ဟု သိရသည်။

ယင်းအပြင် ဘဏ်အကောင့်များ၌ အသုံးပြုထားသော ဖုန်းနံပါတ်များကိုလည်း ပိုင်ရှင်နှင့် အသုံးပြုသူ မှန်မမှန် စစ်ဆေးသွားမည်ဟု ထိုင်းအစိုးရက ပြောဆိုကြောင်း ဧပြီလ ၂၇ ရက်နေ့က ထိုင်းမီဒီယာများက ဖော်ပြကြသည်။

ပိုင်ရှင်အမည်ပေါက်နှင့် အသုံးပြုသူ လွဲချော်မှုများရှိနေပါက မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုအား ပိတ်ပင်သွားမည်ဖြစ်သလို ဘဏ်သုံးစွဲခွင့်ကိုလည်း ပိတ်ပင်အရေးယူသွားမည်ဟု ထိုင်းဒီဂျစ်တယ်စီးပွားရေးဝန်ကြီးဌာန DES က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ဆေးအတည်ပြုမည့် လုပ်ငန်းစဉ်ကို လာမည့် ဇွန်လထဲတွင် မိုဘိုင်းလ်ဖုန်းကောစင်တာများမှ ခေါ်ဆိုမေးမြန်း စစ်ဆေးသွားမည်ဖြစ်ပြီး မပြင်ဆင်ရသေးသည့် သူများအနေဖြင့် ဧပြီလ နောက်ဆုံးထား ပြင်ဆင်ပေးရမည်ဟု သိရသည်။

စစ်ဆေးနေချိန်အတွင်းမှာလည်း အတည်မပြုနိုင်သေးသည့် ဖုန်းနံပါတ်များကို ပိတ်ပင်သွားမည်ဖြစ်သလို အဆိုပါဖုန်းနံပါတ်နှင့် ချိတ်ဆက်ထားသော ဘဏ်ဝန်ဆောင်မှုများကိုလည်း ရပ်ဆိုင်းထားမည်ဟု ဆိုသည်။

ယခု စစ်ဆေးအတည်ပြုသွားမည်ဟု ဖုန်းနံပါတ်များမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်စပြီး နိုင်ငံခြားသားများက မှတ်ပုံတင် အသုံးပြုနေသူများဖြစ်ကြောင်းလည်း DES ဝန်ကြီးကပြောသည်။

ယင်းကဲ့သို့ နိုင်ငံခြားသားဖုန်းနံပါတ်များအား စစ်ဆေးမှု တင်းကျပ်ရခြင်းမှာ ကျားဖြန့်လုပ်ငန်းများက ဖုန်းနံပါတ်များအား အလွဲသုံးစားလုပ်နေခြင်းနှင့် ဘဏ်ဝန်ဆောင်မှုများကို လိမ်လည်အသုံးပြုနေခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ထိုကြောင့် ယခုလ ဧပြီ ၃၀ ရက်နေ့အတွင်း ဖုန်းစင်တာများနှင့် ဘဏ်များတွင် သွားရောက် ပြင်ဆင်ရန်လိုအပ်ကြောင်းနှင့် စစ်ဆေးမေးမြန်းချိန်တွင်လည်း လက်ခံဖြေဆိုပေးရန် လိုအပ်သည်ဟု သတိပေးထားကြောင်း သိရသည်။

ဘဏ်များတွင် သွားရောက်စစ်ဆေးရန် လိုအပ်သည့်ဖုန်းနံပါတ်များကို သက်ဆိုင်ရာဘဏ်များတွင် သွားရောက်စစ်ဆေးပြင်ဆင်နိုင်ရန် ဘဏ်အပလီကေးရှင်းများမှတဆင့် သုံးစွဲသူများအား အသိပေးလျက်ရှိနေကြောင်းလည်း သိရသည်။

ထိုအပြင် မှတ်ပုံတင်ထားခြင်းမရှိသည့် ဖုန်းနံပါတ် ၁ ဒဿမ ၈ သိန်းဝန်းကျင်ကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ