Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပြည်မမြို့များနှင့် နိုင်ငံတကာက ဝယ်ယူမှုမရှိ၍ ရခိုင်က ငါးပုဇွန်ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားသည်ဟု ရေလုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၂၃ တကျော့ပြန်တိုက်ပွဲ မဖြစ်ပွားမီက ရခိုင်ပြည်က ငါးပုဇွန်များကို ပြည်မမြို့ဖြစ်သည့် ရန်၊ မန္တလေးနှင့် နိုင်ငံတကာ တင်ပို့မှုများရှိခဲ့သော်လည်း လက်ရှိတွင် ဆက်သွယ်ရေးပြတ်တောက်ပြီး ဝယ်လိုမအား၍ ရခိုင်ငါးပုဇွန်ဈေးနှုန်းများ ကျဆင်သွားခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စားသုံးမှုဈေးကွက်ကိုသာ အဓိက အားထားနေရကြောင်း မင်းပြားမြို့နယ်မှ ငါးပုဇွန်မွေးမြူရေး လုပ်ကိုင်နေသူတစ်ဦးက Western News ကို ပြောသည်။

“ဒီနှစ် ပြည်တွင်းကပဲ အဝယ်ရှိတာဆိုတော့ စျေးနှုန်းက ကျပါတယ်။ တိုက်ဂါးပုဇွန်ဆို တစ်ဝက်ကျော်နီးပါးလောက်ကို ကျသွားတယ်။ ပြီးတော့ လုပ်သားက များလာတယ်။ တစ်ခြားအလုပ်လည်းမရှိကြတော့ ပုဇွန်ဝယ်ရောင်းလုပ်လာကြတာနဲ့ ပုဇွန်သားပေါက်နှုန်းကလည်း တော်တော်ကို ကျသွားတယ်” ဟု ပြောသည်။

ယခင်နှစ် ယခုအချိန် ကျပ် ၂၇၀၀၀ ရရှိခဲ့သည့် တိုက်ဂါးပုဇွန် (ကုလားပုဇွန်) ၁ ပိဿာကို ယခု ကျပ် ၅၀၀၀ နှင့် ကျပ် ၁၂၀၀၀ ကြားသာ ဈေးရရှိကြောင်းလည်း သိရသည်။

ရခိုင်ပြည်ထွက်သော ငါးပုဇွန်များကို ပြည်မမြို့ကတစ်ဆင့် အာဆီယံနိုင်ငံအချို့နှင့် အနောက်နိုင်ငံ အချို့ကို တင်ပို့ကြပြီး ယခင်နှစ်က ဈေးကောင်းရရှိခဲ့သည်ဟု ငါးပုဇွန်မွေးမြူရေး လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ပုဇွန်သားပေါက်နှုန်းမှာလည်း ကျဆင်းသွားခြင်းနှင့် ဈေးကောင်းမရရှိကြသည့်အတွက် ငါးပုဇွန်မွေးမြူရေးလုပ်ငန်းရှင်အချို့ လုပ်ငန်းရပ်တန့်ထားရသည့်သူများရှိကြောင်း သိရသည်။

မြေပုံမြိုန့ယ်မှ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက “အခြေနေတွေက အရင်လို မဟုတ်တော့ ပုဇွန်တာတွေ ဖျက်လိုက်ကြတာတွေလည်း ရှိကြတယ်။ ပုဇွန်သားပေါက်စျေးကလည်း အရင်နဲ့မတူဘူး။ တစ်ကောင်ကို ကျပ် ၅၀ နှုန်းနဲ့ ဝယ်ကြရတယ်။ ပုဇွန်သားပေါက်က ရသေ့တောင်ဖက်က ယူကြရတော့ လမ်းခရီးဝေးတာနဲ့ ခရီးစရိတ်ကပိုကြီးသွားတာ။ ဒီနှုန်းနဲ့ မွေးမယ်ဆိုရင် ရလာမယ့်စျေးကို တွက်ကြည့်ကြတော့ အဆင်မပြေတော့ မလုပ်ကြတော့ဘဲ ဖျက်လိုက်ကြတာမျိုးတွေ ရှိလာတယ်” ဟု ပြောသည်။

ရခိုင်တွင် ငါးပုဇွန်မွေးမြူရေးကို မင်းပြား၊ ပေါက်တော၊ မြေပုံ၊ စစ်တွေ၊ ရသေ့တောင် စသည့်မြို့နယ်များတွင် အဓိကထား လုပ်ကိုင်ကြသည်။

ရခိုင်ပြည်၏ အဓိက စီးပွားရေးမှာ လယ်ယာလုပ်ငန်းနှင့် ငါးပုဇွန်မွေးမြူရေး ရေလုပ်ငန်းများဖြစ်ပြီး နယ်စပ်စီးပွားရေးများဖြင့်လည်း သက်မွေးဝမ်းကျောင်း ပြုကြသည်။

ရခိုင်ကမ်းရိုးတန်းမှာ ငါးသယံဇာတများလျှော့နည်းလာရခြင်းမှာ စနစ်မကျသည့် ငါးဖမ်းလုပ်ငန်းများအပြင် ပြီးခဲ့သည့် ၁၉၉၀ ခုနှစ်က ရခိုင်ဒေသတွင် ဒီရေတောများခုတ်ထွင်ကာ ပုဇွန်ကန်များ အလွန်အကျွံပြုလုပ်ခြင်း ဖြစ်သည်။

ထို့အပြင် ဆားထုတ်လုပ်ခြင်းတို့ကြောင့် ငါးသားပေါက်သည့်နေရာများပျက်စီးကာ ယခုကဲ့သို့ ငါးသယံဇာတ ရှားပါးလာရခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းသိန်းက ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ