Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေစဉ် ငလျင်ဘေးမှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကို သယ်ဆောင်လာစဉ်။ ဓါတ်ပုံ-Sai Aung MAIN / AFP

မတ်က ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုမှာ တစ်လပြည့်ပြီးဖြစ်ပြီး ငလျင်ကြောင့် လူ ၃၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

ငလျင်ကြောင့် လူပေါင်း ၅၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရပြီး လက်ရှိအချိန်ထိ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း စစ်ကောင်စီမှ ယမန်နေ့ ဧပြီလ ၂၇ ရက်တွင် သတင်း ထပ်မံထုတ်ပြန်သည်။

ပြင်းထန်သည့် ငလျင်ကြောင့် ပြည်သူ‌များအခက်အခဲများစွာ ရင်ဆိုင်နေရပြီး ငလျင်ဘေးဒဏ်သင့် မိသားစုများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို ဆိုးရွားစွာ ခံစားနေရကြရသည်ဟု ကုလသမဂ္ဂအဖွဲ့ဝင် IOM မှ ယနေ့ ဧပြီလ ၂၈ ရက်တွင် ထုတ်ပြန်ပြောသည်။

ထိုကြောင့် ငလျင်သင့်ပြည်သူများအား စိတ်ပိုင်းဆိုင်ရာ အကူအညီပေးအပ်နိုင်ရန် အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းလည်း IOM က ဆိုသည်။

“မြန်မာနိုင်ငံတွင် ပြင်းထန်သောငလျင်လှုပ်ခတ်ပြီး တစ်လကြာသွားခဲ့ပြီဖြစ်ပြီး ယခင်ကတည်းက အခက်အခဲများစွာရင်ဆိုင်နေရသော ဒေသခံပြည်သူများ၏ ဘဝများကို ပိုမိုထိခိုက်စေခဲ့ပါသည်” ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

IOM မှ အရေးပေါ်ဆေးကုသမှုများ၊ အခြေခံလိုအပ်ချက်ပစ္စည်းများနှင့် ငွေကြေးအထောက်အပံ့များကို ဆက်လက်ပေးအပ်လျက်ရှိနေသော်လည်း လုံလောက်မှုမရှိသေးကြောင်း ဆိုသည်။

“အိမ်တွေပြန်လည်တည်ဆောက်ရုံဖြင့် လုံလောက်မှုမရှိသေးပါ။ ဘေးဒဏ်သင့် မိသားစုများ၏ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများမှ ပြန်လည်ထူထောင်နိုင်ရန်အတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေဟာ အဓိကအရေးပါနေပါသေးတယ်” ဟု ပြောသည်။

ငလျင် ဒဏ်ထိခိုက်ခဲ့သည့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် ဒေသ ၆ ခုက ပြည်သူ ၆၃၀၀၀၀ နီးပါးမှာ ငလျင်ဒဏ်ခံခဲ့ရပြီး အများစုမှာ လက်ရှိအချိန်ထိ အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အလှူငွေများမှာ ကျပ်ငွေ ၁၁၅.၈၇၆ ဘီလီယံ ရထားသည့်အပြင် အမေရိကန်ဒေါ်လာ ၂.၄၃၇ သန်း၊ ကိုရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်းနှင့် စင်ကာပူဒေါ်လာ ၃၁၅၀ လက်ခံရရှိထားကြောင်း သိရသည်။

ငလျင်သင့်ပြည်သူအများစုမှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်နိုင်သေးဘဲ အပျက်အစီးများအား ရှင်းလင်းနိုင်ရန် ဦးစားပေးနေရသည်ဟုလည်း သိရသည်။

အဆောက်အဦးများ ရှင်းလင်းရာတွင်လည်း စက်ယန္တယားများ ငှါးရမ်းခ ဈေးအလွန်မြင့်မားနေကြောင်းလည်း မန္တလေးပြည်သူများက ဆိုသည်။
မြေငလျင်ဘေးသင့်ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းမှု ကြာရှည်နေခြင်းကြောင့် ကျန်းမာ ရေးအခြေအနေ ပိုဆိုးရွားလာမှာကို စိုးရိမ်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများက ပြောဆိုထားကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ