Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ထိုင်းဘက်သို့ တရားမဝင်ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်

စစ်ကောင်စီ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော လူငယ်များကို လူသားချင်းစာနာသည့် မူဝါဒကိုအခြေခံပြီး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးရန် NUG က တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းနိုင်ငံ‌များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီမှာ လူငယ်များနှင့် မိသားစုဝင်များကို ခြိမ်းခြောက်အကျပ်ကိုင် စစ်မှုထမ်းခိုင်းခြင်းမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အစီရင်ခံစာမှာ ဖော်ပြထားသည်။

အတင်းအကျပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များအရ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီသည် လူငယ်များကို နေအိမ်၊ လုပ်ငန်းခွင်နှင့် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု NUG က ဆိုသည်။

အတင်းအကျပ် စစ်မှုထမ်းစေခိုင်းနေခြင်းသည် အဓမ္မလုပ်အားခိုင်းစေခြင်းနှင့် လူကုန်ကူးမှု ကျူးလွန်ခဲ့သည့်အပြင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု (Crimes against humanity) မြောက်သည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောသည်။

စစ်ကောင်စီသည် အသက်မပြည့်သေးသည့် ကလေးသူငယ်‌များအပြင် စစ်မှုထမ်း၍ မဖြစ်နိုင်သော ရုပ်ပိုင်း၊ စိတ်ပိုင်း မသန်စွမ်းသူများကိုလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ယူနေပြီး ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များထံ ငွေညှစ်တောင်းခံနေခြင်းကို တွေ့ရသည်ဟု NUG က ဆိုသည်။

ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းခိုင်းနေသော လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုထားသည်။

ယင်အပြင် စီးပွားရေး ပိတ်ဆို့မှုနှင့် လေယာဉ်ဆီအပါအဝင် လက်နက်များတင်ပို့ရောင်းချမှုကို ပိတ်ပင်ခြင်းများ ချက်ချင်းလုပ်ဆောင်ပေးရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားသည်။

စစ်ကောင်စီသည် စစ်သည်အင်အား လျော့နည်းလာခြင်းနှင့် ဘက်ပြောင်း လက်နက်ချခြင်းများ အဆမတန် များပြားလာမှုကို အစားထိုးဖြေရှင်းနိုင်ရန် အမည်ခံ “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ဗျူဟာတစ်ရပ်အဖြစ် ကျင့်သုံးကာ အတင်းအကျပ် ဖမ်းဆီး‌ခေါ်ဆောင်သော နည်းလမ်းများကို သုံးနေသည်ဟုလည်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ