ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံမှာရှိသော မြန်မာအလုပ်သမားများအား ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ရုံး ဖြိုဖျက်ခံရကြောင်း သိရသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မြို့ ထစန်ရပ်ကွက်မှာ ရှိသော AAC မဟာမိတ်အဖွဲ့ရုံးအား မြေပိုင်ရှင်၏ ညွှန်ကြားချက်ဖြင့် အလုပ်သမားများမှ လာရောက်ဖြိုဖျက်သွားခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များမှ လာရောက်ဖြိုဖျက်ခြင်းမဟုတ်ဘဲ မြေပိုင်ရှင်၏ အလုပ်သမားများမှ လာရောက်ဖြိုဖျက်ခြင်းဖြစ်ပြီး စာချုပ်အရ နောက်တစ်နှစ် နေရအုံးမည်ဟု AAC မဟာမိတ်အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက ပြောဆိုထားသည်။
မြေပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးအား ဆောက်လုပ်ထားသည်ဟု အကြောင်းပြချက်ဖြင့် လာရောက်ဖြိုဖျက်ရကြောင်း ပြောဆိုထားပြီး AAC မဟာမိတ်အဖွဲ့က ထိုင်းအာဏာပိုင်များအား တိုင်းတန်းကာ အဆောက်အဦးဖြိုချမှုကို ယခု ရပ်နားထားကြောင်း သိရသည်။
မြေပိုင်ရှင်မှ အဆောက်အဦးအား ဖြိုဖျက်ရာတွင်လည်း ဖြိုဖျက်မှုအတွက် ကုန်ကျစရိတ်များကို AAC မဟာမိတ်အဖွဲ့မှ ကျခံပေးရမည်ဟုလည်း ပြောဆိုထားသည့်အတွက် ဥပဒေကြောင်းအရသာ ရင်ဆိုင်သွားမည်ဟု ဦးခိုင်ကြီးက ပြောဆိုထားသည်။
အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့မှ မြေနေရာအား ၂၀၁၅ ခုနှစ်တွင် နှစ်ချုပ်ဖြင့် ငှားရမ်းထားခြင်းဖြစ်ပြီး အဆောက်အဦး ဆောက်လုပ်ပြီးသည့် ၂၀၁၆ ခုနှစ်မှ ရုံးဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။