Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကြောင့် အာဏာသိမ်း စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၂၀ ရက်နေ့အထိနှင့် ဧပြီလ ၂၁ မှ ၃၀ န့အထိ စုစုပေါင်းနှစ်ကြိမ် ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

သို့သော်လည်း အပစ်ရပ်စဲကာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး ငလျင်သင့်ဒေသများ ပါဝင်ခဲ့သည်ဟု Fortify Rights အဖွဲ့မှ ယနေ့ မေလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ငလျင်ဘေးဒဏ်ကျရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသက ဒီပဲယင်း၊ ရွှေဘိုနှင့် ကနီမြို့နယ်တို့ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း Fortify Rights က ဆိုသည်။

အလားတူ ငလျင်သင့်ခဲ့သည့် မန္တလေးတိုင်း အိုင်တိုင်ကျေးရွာမှာ ငလျင်ဒဏ်သင့်သူများကို စခန်းချ ရွေ့လျား ဆေးကုသပေးနေသော ဘုန်းတော်ကြီးကျောင်း ဗုံးကြဲခံခဲ့ရသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်မှုများမှ ကာကွယ်ရန် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီနှင့် လက်နက်တင်ပို့မှုကို ပိတ်ဆို့အရေးယူရန် လိုအပ်သည်ဟုလည်း Fortify Rights ၏ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးတာဝန်ခံ ကိုစိုင်းအာကာက ပြောသည်။

“မြန်မာစစ်ကောင်စီရဲ့ ဘုရားစူး အပစ်အခတ်ရပ်စဲရေးဟာ အတုအယောင်ပါပဲ။ ဧပြီလ ၂ ရက်နေ့ကတည်းက စစ်ကောင်စီက ငလျင်ဒဏ်သင့် ဒေသတွေမှာပါ ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေပါအဝင် အရပ်သားပြည်သူတွေ အသေအပျောက်များ ခဲ့ရပါတယ်၊ ဒီတိုက်ခိုက်မှုတွေဟာဆိုရင် လူ့အသက်နဲ့ နိုင်ငံတကာဥပဒေကို ဂရုမစိုက်တာကို ပြောင်ပြောင်တင်းတင်းပဲ ပြသနေပါတယ်” ဟု ပြောသည်။

ဧပြီလ ၈ ရက်မှ ၁၉ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့တွင် အများဆုံး စံချိန်တင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ တော်လှန်ရေး တပ်သားတစ်ဦးက ပြောသည်။

“ဧပြီလ ၁၄ရက်နေ့ က သင်္ကြန် အကျနေ့လေ၊ ပိတ်ရက်ကြီးပေါ့၊ အဲ့နေ့က စုစုပေါင်း ကောင်းကင်က လာတိုက်တာ ၂၄ ကြိမ်ရှိတယ်။ သူတို့က ဂျက်ဖိုက်တာတွေနဲ့ လာတယ်၊ MI-35 ရယ်၊ Y12 လေယာဉ်ရယ်၊ Yellow Cat UAV ဒရုန်းရယ်၊ နောက် လေထီးနဲ့ ဗုံးတွေကို ချတာရော၊ စုစုပေါင်း နည်းလမ်း ငါးမျိုး သုံးပြီး တိုက်တာ။ မနက် ၇ နာရီခွဲက စပြီး လာတိုက်တာ မနက် ၁၀ နာရီခွဲထိလည်း မရပ်ဘူး။ ဗုံးမိုးရွာနေသလိုပဲ။ သူတို့မှာ ဘယ်ကို ပစ်မှတ်ထား တိုက်မယ်ဆိုတာမျိုးလည်း ရှိပုံ မပေါ်ဘူး၊ ဒီတိုင်း ဗုံးတွေကို မိုးရွာသလိုကို ကြဲချတာ” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် ဧပြီလ ၂ ရက်နေ့ကတည်းကမှ စတင်ပြီး၍ တိုက်ခိုက်မှုပေါင်း ၁၂၀ ကျော် ပြုလုပ်ခဲ့သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် မကြာသေးမီကမှ ငလျင်ဒဏ်ကြောင့် ပျက်ဆီးဆုံးရှုံးထားရသည့် ဒေသများ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၅၁ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ၏ ဧပြီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်တွင် “အံ့ဩစရာ မကောင်းစွာနဲ့ မြန်မာစစ်ကောင်စီဟာ ၎င်း၏ကိုယ်ပိုင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ဖို့ ရွေးချယ်ခဲ့ပြီး ဆိုးရွားတံ့ ရလဒ်တွေဖြစ်ပေါ်စေခဲ့တဲ့ တိုက်ခိုက်မှုအသစ်များစွာကို ပြုလုပ်ခဲ့ပါတယ်” ဟု ပြောသည်။

လုံခြုံရေးကောင်စီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ အပစ်အခတ်ရပ်စဲရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်စေသော စစ်ကောင်စီအား အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုမည့် ဆုံးဖြတ်ချက်တစ်ခုအား အမြန်ဆုံး စဉ်းစားရမည်ဟု Tom Andrews က ဆိုသည်။

Fortify Rights မှ ကိုစိုင်းအာကာ က “ငလျင်ဘေးအတွင်းမှာ မြန်မာစစ်ကောင်စီအနေနဲ့ အရပ်သားတွေကို ဆက်လက်တိုက်ခိုက်နေတာ ဟာ လုံးဝဥပဒေမဲ့ လုပ်ရပ်တွေပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နောက်ထပ် အသက်တွေ ထပ်မဆုံးရှုံးရခင်မှာ စစ်ကောင်စီရဲ့ လက်နက်နဲ့ လေကြောင်း လောင်စာဆီ ရယူ အသုံးပြုခွင့် ရှိနေတာတွေကို ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ရပါမယ်” ဟု ပြောသည်။

စစ်ဥပဒေများတွင် ဖော်ပြထားသည်မှာ ပဋိပက္ခတွင်ပါ၀င်သော အဖွဲ့အစည်းများသည် အရပ်သားများ၊ အရပ်သားပိုင် အရာဝတ္ထုများ (စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း မရှိသော အိမ်များနှင့် ဆေးရုံများကဲ့သို့)နှင့် တိုက်ခိုက်ရေးသမားများ၊ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များ အကြား ခွဲခြားမှုရှိစေရန် လိုအပ်ကြောင်း သိရသည်။

စစ်ဥပဒေများအရ အရပ်သားများနှင့် အရပ်ဘက်အရာဝတ္ထုများကို ပစ်မှတ်ထားသည့် တိုက်ရိုက် တိုက်ခိုက်မှုများနှင့် စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိ တိုက်ခိုက်မှုများကို အတိအလင်း တားမြစ်ထားပြီး ချိုးဖောက်မှုများကိုလည်း စစ်ရာဇဝတ်မှုအဖြစ် တရားစွဲနိုင်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ