သခွားသီးကားပေါ်တွင် ပုန်းအောင်းပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ၄ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော်မှာ ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
မေလ ၁ ရက်တွင် မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၄ ဦးမှာ သခွားသီးတင်ကား၌ ပုန်းအောင်းလိုက်ပါလာစဉ် ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးသွားခြင်းဖြစ်သည်။
အလားတူ မေလ ၁ ရက်နေ့မှာပင် ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၉ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးသွားသည်။
တစ်ရက်တည်းမှာ မြန်မာနိုင်ငံသား စုစုပေါင်း ၃၃ ဦး ဖမ်းဆီးခံရပြီး ထိုင်းက မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်မည်ဟု သိရသည်။
သောင်းရင်းမြစ်မှ ဝင်လာသော မြန်မာနိုင်ငံသားများမှာ ပွဲစားအား လူတစ်ဦးကို ထိုင်းဘတ်ငွေ ၁၅၀၀၀ ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး မြဝတီမြို့မှတစ်ဆင့် လာရောက်ကြခြင်းဖြစ်သည်။
တရားမဝင် မြန်မာနိုင်ငံသားများအား ဖမ်းဆီးစဉ် ထိုင်းနိုင်ငံသား ၂ ဦးနှင့် ကား ၂ စီးကိုလည်း ဖမ်းဆီးရမိကြောင်း ထိုင်းဘက်က သတင်းထုတ်ပြန်ထားကြသည်။