Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် စစ်ကောင်စီတပ်၏ တုံ့ပြန်မှုကို သတင်းယူနေသည့် ရန်ကုန်မှ သတင်းသမားများ (ဓာတ်ပုံ - EPA)

(သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၄၀ ဦး အကျဉ်းကျခံထားရ)

၂၀၂၁ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ယနေ့ မေလ ၃ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း သတင်းသမား ၇ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM က ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၄၀ ဦးမှာ လက်ရှိအချိန်အထိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်းနှင့် အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်ကြောင်း IPCM က ဆိုသည်။

သတ်ဖြတ်ခံခဲ့ရသည့် သတင်းသမား ၇ ဦးမှာ ကိုစိုင်းစိုင်း၊ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်၊ Pu Tuidim, ကိုလင်းလင်းထွန်း၊ ဖိုးသီဟ (ခ) မြတ်သူထွန်း၊ ထက်မြတ်သူနှင့် ဝင်းထွဋ်ဦး (ခ) ဖိုက်ဇယ် တို့ဖြစ်ကြောင်း IPCM က ထုတ်ပြန်သည်။

ရှင်ဒေဝီ၊ စိုင်းဇော်၊ စည်သူအောင်မြင့် အပါအဝင် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်ခံရသည့် သတင်းသမား ၁၁ ဦး၏ အမည်ကိုလည်း IPCM က ထုတ်ပြန်ထားကာ ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် နှစ် ၂၀ နှင့် ထောင်ဒဏ်တစ်သက် စသဖြင့် အသီးသီး ချမှတ်ခံထားရသည်။

ယနေ့ မေလ ၃ ရက်နေ့သည် သတင်းသမားများနှင့် သတင်းမီဒီယာများအတွက် World Press Freedom Day (ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့) ဖြစ်ပြီး သတင်းမီဒီယာသမားများ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အကျဉ်းချခံထားရခြင်း၊ အသက်ဆုံးရှုံးခြင်းတို့ကို IPCM က ထုတ်ပြန်လာခြင်းဖြစ်သည်။

လွတ်လပ်သောမြန်မာသတင်းစာ ဆရာများ အစည်းအရုံး IMJA ၏ ထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အလွန်ဆိုးရွားစွာ ရှိနေသေးကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အင်တာနက် ကန့်သတ်ထားခြင်းနှင့် သတင်းသမားများအပေါ် လက်ရှိအချိန်အထိ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ် နေခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီး အများပြည်သူ၏ သတင်းသိပိုင်ခွင့်ကို တားဆီးပိတ်ပင်ထားခြင်း ဖြစ်သည်ဟု IMJA က ပြောသည်။

သတင်းသမားများကို ဖမ်းဆီးခြင်း၊ သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံနှင့် တားဆီးပိတ်ပင်ခြင်းသည် ပြည်သူတို့၏ နားမျက်စိများကို ပိတ်ပင်သော လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်ဖြစ်ကြောင်းလည်း ဆိုသည်။

ဖမ်းဆီးထားသည့် သတင်းထောက်များ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် ယနေ့ကျရောက်သော ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် လွတ်လပ်သော မြန်မာသတင်းစာ ဆရာများအစည်းအရုံး (IMJA) အနေဖြင့် တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် သတင်းထောက်များ၏ သတင်းရယူပိုင်ခွင်နှင့် သတင်းလွတ်လပ်လွတ်ခွင့်အား အဖွဲ့အစည်းအသီးသီးမှ လေးစား လိုက်နာကြရင်လည်း IMJA က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ