Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

■ မောင်ဆောင်းခ (ကွက်ကဲရေးမှူး)
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA

“ဆရာဦးဦးလှစောက ရခိုင်ပြည်သူတွေအတွက် တင်မဟုတ်ဘဲ တနိုင်ငံလုံးမှာရှိတဲ့ အဖိနှိပ်ခံပြည်သူတွေ အားလုံးအတွက် အလုပ်လုပ်ခဲ့သူပါ။ ဆရာ ကွယ်လွန်သွားခြင်းက တိုင်းပြည်အတွက် ကြီးမားသော ဆုံးရှုံးမှုတခုဖြစ်ပါတယ်”

■ ကိုနေဘုန်းလတ် (ပြောရေးဆိုခွင့်ရှိသူ)
အမျိုးသားညီညွတ်ရေးအစိုးရ NUG

“ဟုတ်ကဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ဦးဦးလှစော ကျဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့ ပေါ့နော် ရခိုင်နိုင်ငံရေးအတွက်ပါ မဟုတ်ပါဘူးပေါ့နော် ကျနော်တို့ တစ်နိုင်ငံလုံး နိုင်ငံရေးအတွက်ပါ ဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။ ကျနော်တို့ နိုင်ငံမှာက ဘာသာတွေ၊ လူမျိုးတွေ ဒါတွေလည်း အများကြီး စုံတဲ့အခါကျတော့လေ နိုင်ငံရေးလုပ်တဲ့အခါမှာ ဖလပ်စီဘယ်ဖြစ်မှုပေါ့နော် အရမ်းအစွမ်းမရောက်ဘဲနဲ့ ဖလပ်စီဘယ်ဖြစ်မှု ဆိုတဲ့ကိစ္စ သိပ်အရေးကြီးပါတယ်။ ကျနော် သိရသလောက်လည်း ဆရာ ဦးဦးလှစော ဟာ ဒါ ဖလပ်စီဘယ်ဖြစ်တဲ့ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့ ဒီလိုပဲ ကျနော်တို့ နားလည်ထားတယ်ပေါ့နော်။ အဲအတွက်ကြောင့်မလို့ ဒီလိုနိုင်ငံရေးသမားတစ်ယောက် အခုလို တော်လှန်ရေးကာလမှာပေါ့နော် ဒါ ကျဆုံးသွားတဲ့အတွက်ကြောင့်မလို့ အင်မတန်မှ ဆုံးရှုံးမှု ကြီးတယ်လို့ ပြောချင်ပါတယ် ခင်ဗျာ”

■ ဦးတိုးဇော်လတ် (အတွင်းရေးမှူး)
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM

“ဟုတ်ကဲ့ ကျနော်တို့ ရှေ့မီနောက်မီပေါ့ ကျောင်းသားနိုင်ငံရေးကလာတဲ့ ဖြတ်သန်းမှုတစ်ခုရှိတယ်။ အခုလိုမျိုး မြန်မာပြည်ရဲ့ ရှုပ်ထွေးမှု အထူးသဖြင့် ရခိုင်ဒေသမှာတော့ ကျနော်တို့ လေးစားရတဲ့ အင်မတန်မှ မိတ်ဆွေကြီးတစ်ယောက် တကယ်လည်း အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတစ်ယောက် လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဆုံးရှုံးသွားတယ်။ အများကြီး ဝမ်းနည်းတယ်။ အများကြီးလည်း အဲလိုလူမျိုးတစ်ယောက် နောက် ပြန်ပေါ်ဖို့ဆိုတာ မလွယ်ပါဘူး။ မြန်မာပြည်ရဲ့ ဒီရှုပ်ထွေးလှတဲ့ နိုင်ငံရေးထဲမှာ တစ်သက်လုံး နိုင်ငံရေးသမားပီသ သွားတယ်။ ကျနော်နဲ့ နောက်ဆုံးတွေ့တဲ့အခါမှာ ကျနော့်ကို ဟသ တစ်ခု ပြောသွားတယ်။ ကျနော် မြောက်ဦး အမတ်လုပ်တုန်းက ဘယ်သူမှ အဖက်မလုပ်ကြဘူးတဲ့ AA မှာ နိုင်ငံရေးမှူးလုပ်တာ ကျနော့်ကို ဟိုက်စကီးနဲ့ လာခေါ်တယ်တဲ့။ ဟိုဘက်ဒီဘက် မီတဲ့ အဲလိုလူတစ်ယောက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ပြောပါရစေ။ နောက်တစ်ခုက ဦးဦးလှစောက လူငယ်တွေကို အရမ်းဦးစားပေးတယ်။ ကျနော့်ကိုလည်း ပြောပြတယ်။ ဦးဦးဆိုတာ ကျနော်တို့ရခိုင်မှာ အကြီးဆုံးသား။ အကြီးဆုံးဆိုတာ လူငယ်တွေကို နေရာ သိပ်ပေးလေ့မရှိဘူး။ နောက်ပိုင်း ရခိုင်နိုင်ငံရေးသမားထဲမှာ ကြည့်လိုက် လူငယ်တွေများတယ်။ အဲလို လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်တစ်ဦးပေါ့နော်။ ကျနော်ထင်ပါတယ်။ အင်မတန်မှ ဆုံးရှုံးမှုတစ်ခုပါ။ ဒါပေမယ့် ကျနော်ယုံပါတယ်။ သူ့နေရာမှာ ကျနော်တို့ပြောနေကျ မြေအုတ်တို့နေရာမှာ ကျောက်အုတ်တွေနဲ့ အစားထိုးဖို့ပေါ့။ နောက်ပိုင်း လူငယ်ခေါင်းဆောင်တွေ အများကြီး အထူးသဖြင့် အခုလိုမျိုး နိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်းကာလမှာ ရခိုင်ပြည်ကနေ ထပ်ပြီး ခေါင်းဆောင်တွေ ပေါ်ထွန်းလာဖို့ မျှော်လင့်ပါတယ် ခင်ဗျာ”

■ ကိုကျော်နိုင်ဌေး
ရခိုင်ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်ဟောင်း

“ကျနော်တို့ ရခိုင် ကျောင်းသားတော်လှန်ရေးထဲမှာ Senior အကျဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျောင်းသား နိုင်ငံရေးလောက၊ အမျိုးသား နိုင်ငံရေးလောကမှာ ဆိုရင် ဆရာဦးလှစောက ကျနော်တို့်မှာ ဆရာတစ်ဆူလို၊ Senior တစ်ယောက်လို့ ဂါရဝပြု လေးစားရပါတယ်။ ကျနော်တို့အတွက် သင်ကြားလမ်းညွှန်မှု၊ နိုင်ငံရေးအမြင်၊ အမျိုးသားရေးအမြင်၊ ကျောင်းသားနိုင်ငံရေးအမြင်တွေကို ပို့ချပေးနေတဲ့ ဆရာတစ်ယောက် ကွယ်လွန်သွားတဲ့အပေါ် အရမ်းကြီးကို ဆုံးရှုံးမှုဖြစ်ပါတယ်။ တန်ဖိုးကြီးတဲ့ပုဂ္ဂိုလ်ပါ။ နောက်ထပ် နည်းနည်း အသက်ပိုရှည်ခဲ့မယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့ အတွေးအခေါ်အသစ်တွေ၊ နိုင်ငံရေးအမြင်တွေကို ကျနော်တို့ ပိုရလိုက်ကြမှာပါ။ Junior ကျောင်းသားတွေ အတွက်ပေါ့လေ။ ကျနော်တို့ကတော့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့အတွက် တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တစ်ဦး ဆုံးရှုံးသွားတဲ့အတွက် ကျနော်တို့အတွက် အရမ်းကို ဝမ်းနည်းပူဆွေးရပါတယ်”

“ဆရာဦးလှစောရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေက ၁၉၆၂ မှာ ကျောင်းသားအရေးအခင်းတွေမှာ ပူးပေါင်းပါဝင်ခဲ့ပြီးတော့ အဲဒီနောက်ပိုင်း ၇၀ ကျော် ကျောင်းသားအရေးအခင်းတွေ၊ ၈ လေးလုံးအရေးအခင်းတွေမှာ ပြည်မက ဗကပ ကျောင်းသားတွေနဲ့ ပါဝင်ခဲ့ပါတယ်။ ဗကပ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့ နယ်စပ်ဒေသ အခြေချနေရာတွေကို သွားတယ်။ ကျောင်းသားတော်လှန်ရေး လမ်းကြောင်းတွေမှာ လုပ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဆရာက ပူးပေါင်းပါဝင်ခဲ့တယ်။ နောက်ပြီးတော့ ၂၀၁၀ နောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ပါတီနဲ့ ရခိုင့်နိုင်ငံရေးမှာ ပါဝင်လာပြီးတော့ ၂၀၁၅ မှာ ရခိုင်အမျိုးသားပါတီ ANP ပါတီမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပြီးတော့ ၂၀၂၁ နောက်ပိုင်းမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ULA/AA မှာ နိုင်ငံရေးမှူး တာဝန်ထမ်းဆောင်ပြီးတော့ ဗဟိုကော်မတီဝင် တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပါတယ်။ အဲလိုမျိုး နိုင်ငံရေးဖြတ်သန်းမှုကို သိထားပါတယ်”

“ပြောရရင် ဆရာဦးလှစောက ပြည်မ နိုင်ငံရေးမှာပါ၊ ရခိုင့်နိုင်ငံရေးမှာပါ ခေတ်ရေစီးကြောင်းနဲ့အညီ လုပ်ဆောင်နိုင်တဲ့ နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ကျောင်းသားနိုင်ငံရေးအခင်းအကျင်း၊ အမျိုးသားနိုင်ငံရေးအခင်းအကျင်း၊ ပြည်မနိုင်ငံရေးအခင်းအကျင်းတွေမှာ ဆရာရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ဟာ တန်ဖိုးကြီးမြင့်ပါတယ်”

■ ဦးခိုင်ကောင်းစံ
ရခိုင်အရပ်ဘက်လူမှုရေးအဖွဲ့အစည်း

“ဆရာ ဦးလှစောကို ပြောရရင် နိုင်ငံရေးအရ ရိုးဂုဏ်ရှိပါတယ်။ ဆရာရဲ့ အဖေ ဆရာ ဦးအောင်လှဇံ ဆိုရင်လည်း ဂုဏ်သတင်းကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ နိုင်ငံရေးအရလည်း အများက ကြည်ညိုလေးစားကြပါတယ်။ ဆရာ ဦးလှစောဆိုရင်လည်း ၁၉၇၀ ကျော်ကတည်းကနေ မြန်မာ့နိုင်ငံရေးမှာ တောက်လျှောက်ပါလာတယ်။ နိုင်ငံရေးအပြောင်းအလဲတွေမှာ တောက်လျှောက်လုပ်လာတယ်။ နောက် လွှတ်တော်အမတ်လည်း ဖြစ်ခဲ့တယ်။ နောက် ကဗျာဆရာလည်းဖြစ်တယ်။ ကဗျာမှာဆိုရင် ရှေးရောက်တဲ့ ကဗျာစာရေးတယ်။ သီချင်းတွေ ရေးတယ်။ ဆရာက အရမ်းရိုးချမ်းမှုနဲ့ နေထိုင်ပါတယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီးတော့ တချို့သော လူပုဂ္ဂိုလ်တွေလိုမျိုး ကိုယ်ကျိုးစီးပွားတွေကို မကြည့်ဘူး။ တကယ့်ကို ရိုးဂုဏ်နဲ့ နေတယ်။ ရခိုင်လူငယ်တွေ၊ လူကြီးတွေအပါအဝင် မြန်မာကျောင်းသား နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေးလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေက အစ ဆရာဦးလှစောကို လေးစားကြတယ်။ ဒါက သူ့ရဲ့ ရိုးသားမှုဖြစ်တယ်။ မြို့ထဲမှာဆိုရင်လည်း လွတ်အိတ်ကလေး တစ်လုံးလွယ်ပြီးတော့ ကြားညှပ်ဖိနပ်တစ်ရံစီးပြီး သွားလာနေတဲ့ လူပုဂ္ဂိလ်ဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့အတွက် တကယ့်ကို နှမျောဖို့ ကောင်းပါတယ်။ အသက်အရွယ်အရ နိုင်ငံရေးသမိုင်းဖြတ်သန်းပြီးနောက်မှာလည်း ကျနော်တို့အတွက် အမျိုးသားတော်လှန်ရေး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆီမှာလည်း တိုင်းပြည်တာဝန်ကို သွားပြီး ထမ်းဆောင်ခဲ့တယ်။ ဒါက သာမန်လူတွေ မစွန့်လွှတ်နိုင်တဲ့ စွန့်လွှတ်မှုဖြစ်ပါတယ်။ အဲဒါကြောင့်အတွက်လည်း ဦးညွှတ်အလေးပြုပါတယ်။ ဆရာရဲ့ စွန့်လွှတ်မှုတွေကို။ နောက်ပြီးတော့ ဆရာက မြောက်ဦးဇာတိဖြစ်ပါတယ်။ မြောက်ဦးနဲ့ ပတ်သက်ပြီးတော့ သီချင်းတွေ ရေးတာ၊ မြောက်မြို့ ဂုဏ်ကို ဖော်ဆောင်တဲ့ လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်လည်း အသိအမှတ်ပြုပါတယ်။ ဆရာက နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်”

■ ရခိုင်ပြည်က ဝါရင့်သတင်းသမားတစ်ဦး

“ဆရာဦးဦးလှစောဟာ ရသစာပေအပိုင်းမှာလည်း ပိုင်ပိုင်နိုင်နိုင်ဖန်တီးတတ်သူ ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာနဲ့ ဝတ္ထုတိုတွေက ရင်ထဲနင့်ခနဲ့ဖြစ်ရလောက်အောင် ဖန်တီးနိုင်စွမ်းရှိသူတစ်ယောက်ပါ။ ၂၀၁၀ ခုနှစ် RNDP ပါတီတည်ထောင်ပြီးနောက်ပိုင်း ကျွန်တော်တို့ သတင်းသမားတွေရဲ့ ထိတွေ့မှုများခဲ့ပါတယ်။ သူ့ရဲ့ နိုင်ငံရေးအမြင်၊ ရပ်တည်ချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားပါတယ်။ သူက စာပေနယ်ထဲမှာတင်မဟုတ်ဘဲ နိုင်ငံရေး နယ်ပယ်မှာပါ ထက်မြတ်သူတစ်ယောက်ဖြစ်လို့ အခုလိုကွယ်လွန်မှုက အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှာပါပဲ”

……….

■ ရခိုင်ပြည်၏ နိုင်ငံရေးခေါင်းဆောင်ကြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် ULA/AA မြောက်ဦးမြို့နယ်၏ နိုင်ငံရေးမှူး ဦးဦးလှစော သည် ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၆ မိနစ်အချိန်တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်မြို့နယ်တွင် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။

လည်ပင်ကြီး ရောဂါ ကင်ဆာဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်နီးပါးခံစားခဲ့ရပြီး မီဇိုရမ်မြို့နယ်က ဆေးရုံတစ်ခုမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးဦးလှစောသည် ၁၉၅၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး အကြီးဆုံး သားတစ်ဦးဖြစ်သလို လက်ရှိ ကွန်လွန်ချိန်တွင် အသက် ၇၂ နှစ် ရှိပြီဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ