ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ ယမန်နေ့ မေ ၆ ရက်နေ့တွင် အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို တစ်ခြားရွာမှ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ပြုပြီး သတ်ဖြတ်ခဲ့ကြောင်း ရွာသားများက ပြောသည်။
အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ မိခင် ဒေါ်ဆန်းအေးကြည်၏ သမီးဖြစ်ပြီး ငါးမန်းရိပ်ကျွန်းဒေသခံ လူလတ်ပိုင်းအရွယ် ကိုမောင်မြသန်း ဆိုသူက အတင်းအဓမ္မပြုကျင့်ကာ သတ်ဖြတ်ပြီးနောက် သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် တွဲချိတ်ထားခဲ့သည်။
ဖားပြိုရွာသားတစ်ဦးက “လူလတ်ပိုင်း အရွယ် မောင်မြသန်းဆိုသူက အသက် ၉ နှစ်အရွယ် မိန်းကလေးကို အတင်းအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တယ်။ ရက်ရက်စက်စက်ကို သတ်ဖြတ်ခဲ့တာပါ။ ပထမ အတင်းအဓမ္မပြုကျင့်တယ်။ ပြီးတော့ ဦးခေါင်းကို တုတ်လို့ယူဆရတဲ့အရာနဲ့ ထုရိုက်ပြီး သတ်ဖြတ်ခဲ့တာပါ။ တုတ်က သစ်သားလား၊ သံတုတ်လား အဲဒါတော့ ရှာဖွေစုံစမ်းနေဆဲပါ။ ခန္ဓာကိုယ်အနှံ့မှာလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရပါတယ်။ အဲလိုသတ်ဖြတ်ပြီးတော့ သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တွဲချထားခဲ့တယ်။ လူမဆန်တဲ့ လုပ်ရပ်ပါ။ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ” ဟု ပြောသည်။
အမျိုးသမီးငယ်ရုပ်အလောင်းကို ဖားပြိုကျေးရွာ၏ အနီးရှိ သစ်ပင်တစ်ပင်မှာ ကျူးလွန်သူ ကိုမောင်မြသန်းက တွဲလောင်းချထားခဲ့ကြောင်း သေဆုံးသွားသည့်ပုံစံမျိုးဖြင့် ချိတ်ထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျူးလွန်သူ မောင်မြသန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားပြီး ၎င်းအား အပြစ်ပေးအရေးနိုင်ရန် စစ်ဆေးမေးမြန်းနေကြောင်းလည်း ရွာသားများထံမှ သိရသည်။
အမှုကို စစ်ဆေးနေသည့် ကာလဖြစ်သည်ဟုဆိုကာ ကျူးလွန်သူ၏ ရွာနာမည်၊ အမျိုးသမီးငယ်နှင့် ကျူးလွန်သူ မည်သို့မည်ပုံတွေ့ဆုံ၍ မည်ကဲ့သို့ ခေါ်ထုတ် သတ်ဖြတ်သည့် အသေးစိတ်အချက် အလက်များအား ထုတ်ဖော်ပြောရန် ခွင့်ပြုချက် AA မှ ခွင့်မပြုထားကြောင်းလည်း ရွာသားများက ပြောသည်။
ဖားပြိုကျေးရွာမှ အမျိုးသမီးတစ်ဦးက “ဒီဖြစ်ရပ်ကို ပြောရရင် အရမ်းရက်စက်တဲ့ လုပ်ရပ်ပါ။ အသက်မပြည့်သေးတဲ့ မိန်းကလေးဖြစ်တယ်။ ရက်ရက်စက်စက်ကို သတ်ဖြတ်ခဲ့တယ်။ သတ်ဖြတ်ခဲ့တာကလည်း ဘယ်လိုမှ မခံစားနိုင်တဲ့ သတ်ဖြတ်သွားတဲ့ပုံစံပါ။ ခေါင်းကို ထုရိုက်ပြီးမှ မသေးမချင်း သတ်ဖြတ်သွားတဲ့ ပုံစံပါ။ ပြီးတော့ သစ်ပင်မှာ ကြိုးတွဲလောင်းချိတ်ထားတာက တိရိစ္ဆာန်ထက် ဆိုးတဲ့ လုပ်ရပ်ပါ။ တကယ် လူစိတ်မရှိတဲ့သူပါ။ ဒီအမျိုးသမီးအတွက် တရားမျှတမှု လိုချင်ပါတယ်။ နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် ကျူးလွန်သူဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။ ကျူးလွန်သူကို အခု အာရက္ခတပ်တော် AA က ဖမ်းထားပါတယ်။ AA ကို ပြောချင်တာက အမျိုးသမီးအတွက် တရားမျှတမှုနဲ့ နောက်နောင် ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် ကိုးကန့်တပ် MNDAA လိုမျိုး အများပြည်သူရှေ့မှာ သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
နောက်ထပ် ရခိုင်အမျိုးသမီးတစ်ဦးကလည်း ဖားပြိုကျေးရွာမှ အတင်းအဓ္မပြုကျင့်ခံရမှုတွင် ကျူးလွန်သူကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် အာရက္ခတပ်တော် AA ကို တောင်းဆိုထားသည်။
“ဖားပြိုရွာက အမျိုးသမီးငယ်အတွက် အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ နောင်ဘဝမှာ ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရပါစေနဲ့လို့ အမျိုးသမီးငယ်အတွက် ဆုတောင်းပါတယ်။ ကျူးလွန်သူကို ဘယ်သူပဲဖြစ်ဖြစ် ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ကျူးလွန်သူကို AA က ဖမ်းမိထားတယ်လို့ သိရပါတယ်။ ရခိုင်မှာ ဒီလိုဖြစ်ရပ်မျိုး၊ ဒီလိုကျူးလွန်မှုမျိုး မကြားချင်တော့ပါ။ လူ့မိစ္ဆာတွေကို သတိပေးတဲ့အနေနဲ့ အမျိုးသမီးငယ်သေခဲ့သလို ကြိုးတွဲချ သတ်ဖြတ် သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုပြုမူတာက လူသားတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ လူလူချင်း ဖေးမရမယ့်ဟာကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကျူးလွန်နေကြတယ်။ ဖြစ်ရပ်ဆိုးတွေနဲ့ အသက်ပေးလိုက်ရတဲ့ အမျိုးသမီးအတွက် တရားမျှတမှုက မိန်းကလေး ခံခဲ့ရတဲ့အတိုင်း ပြန်အပြစ်တာမျိုး လိုချင်ပါတယ်” ဟု ပြောသည်။
မင်းပြားမြို့နယ်သည် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး ယခုတစ်ကြိမ်ဖြစ်ရပ်သည် ၁ နှစ်အတွင်း သက်ငယ် မုဒိမ်းမှု ဆိုးရွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
၂၀၂၃ ခုနှစ်ကလည်း မင်းပြားမြို့ပေါ်က ရပ်ကွက်တစ်ခုတွင် ဖခင်ဖြစ်သူက အသက် ၁၃ နှစ်ကျော်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့သည်။
ဘေးပတ်ဝန်းကျင် တိုက်ကြားချက်အရ ကျူးလွန်သူ ဖခင်အား အာရက္ခတပ်တော် AA ထံ အပ်နှံခဲ့သော်လည်း ၎င်းမှာ ထွက်ပြေးလွတ်မြောက်သွားသည့် ဖြစ်စဉ်ရှိခဲ့သည်။
ရသေ့တောင်နှင့် စစ်တွေမြို့တို့တွင်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်က အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ်များအပါအဝင် အမျိုးသမီး ၃ ဦးထက်မနည်းကို အာရက္ခတပ်တော် AA က ကိုင်တွယ်ဖြေရှင်းခဲ့သည်။
သို့သော် ရသေ့တောင်မြို့နယ်မှ အဓမ္မပြုကျင့်ခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာမအမှုတွင် ကျူးလွန်သူအား အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့သော်လည်း ကျူးလွန်သူ တရားခံမှာ ထွတ်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်းအား AA က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် လူမဆန်သော လုပ်ရပ်များကို ကျူးလွန်ကြသူများကို ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းမျိုး မဖြစ်စေရန် အာရက္ခတပ်တော် AA အနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဟု တောင်းဆိုကြသည်။