တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းက ထားဝယ်မြို့နယ် တနေရာတွင် ဇွန် ၃၀ ရက်နေ့က သံဃာတော်များက ဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက် လှုပ်ရှားမှု လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မှု စတင်ခဲ့ကြောင်း ယင်း မြို့ရှိ ပြည်သူများထံမှ သိရသည်။
အဆိုပါ ချီတက်ဆန္ဒပြပွဲကို ထားဝယ်ခရိုင် သံဃာတော်များက ဦးဆောင်၍ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောကြားချက်များအရ သိရ သည်။
“တိုင်းပြည်နှင့် သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အလိုမရှိ” ဆိုင်းဘုတ်ကိုင်ကာ “သံဃာကို သတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီတဂူ အလိုမရှိ ဆိုတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာ ဖြစ်တယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
အလာတူ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီအား ဆန့်ကျင်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး လောင်းလုံးမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ဇွန် ၂၇ ရက်နှင့် ၂၉ ရက်နေ့တို့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုများလည်း လှုပ်ရှားခဲ့သေးကြောင်း သပိတ်ဦးဆောင်သူများထံမှ သိရသည်။