မိုးသည်းထန်စွာ ရွာသွန်း၍ ထိုင်း-မြန်မာကြားရှိ သောင်ရင်းမြစ် ရေလျှံပြီး ကမ်းနှစ်ဖက်ရှိ မြဝတီမြို့နှင့် မဲဆောက်မြို့မှာ ရေကြီးမှုဒဏ်ကို ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။
မြဝတီမြို့ထဲ၌ ရပ်ကွက်များအစုသို့ ရေဝင်ရောက်နေ၍ မြို့အခြေအနေကို ဒေသခံ ကိုညီဝင်းခိုင်က ယခုလိုပြောသည်။
” လက်ရှိ မြဝတီ သောင်းရင်းမြစ်ကနေ ရေတိုးတိုးလာတော့ အမှတ် ၅ အောက်ချိုင့်မှာ အိမ်တွေ အကုန် နစ်မြုတ်သွားတယ်၊ နောက်ပြီး မြေနီကုန်းမှာ ရေမကျတော့ မြေနီကုန်းလမ်းတွေလည်း အကုန် နစ်မြုတ်သွားပြီပေါ့၊ အခု ကျနော်တို့ အိမ်ရှေ့ အမှတ်၅ အောက်ချိုင့်မှာ ခေါင်မိုးတွေလောက်ပဲ ပေါ်တော့တယ်၊ လူတွေက ဘုန်းကြီးကျောင်းတွေပြေးလိုက် ဒီပြေးလိုက်နဲ့ ပြေးနေကြတာပေါ့။ မြဝတီ အမြင့်ပိုင်းတွေတော့ ရေမရောက်သေးဘူး။ ဒီ သောင်းရင်းမြစ်တလျှောက် အနိမ့်ပိုင်းတွေတော့ အကုန်နစ်မြုတ်တာပေါ့” ဟု ပြောသည်။
မဲဆောက်ဘက်ခြမ်းရှိ အမှတ် ၁ တံတား ပတ်ဝန်းကျင်ကို ရေလွှမ်းမိုးသွားပြီဟု မျက်မြင် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
” မဲဆောက်မြို့ ကမ်းနားလမ်း နာမည်ကြီး လီမွှေးဈေး တော်တော်များများ ရေနစ်မြှုပ်နေလို့ ပျက်စီး ဆုံးရှုံးသွားပြီ။ အမှတ် ၁ တံတားအောက် ရေနစ်မြှုပ်သွားတဲ့ ကားတွေကို ထိုင်းကယ်ဆယ်ရေးအဖွဲ့က ဆယ်ယူနေတာ တွေ့တာပဲ။ ကားထဲ လူရှိမရှိပေါ့နော်။ မိုးကတော့ တအားကို ရွာနေတာ။ ” ဟု ပြောသည်။
မြဝတီနှင့် မဲဆောက်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ညက သောင်ရင်းမြစ်ကရေတက်လာပြီး အနိမ့်ပိုင်းနေရာများအားလုံး ရေလွှမ်းမိုးသွားခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ ရေဘေးကြောင့် ထိခိုက်သေဆုံးမှု ရှိမရှိကို မသိရသေးပေ။