(စစ်တွေမြို့ခံ ” စတန (နိုင်) ” မဟုတ်သူများကို ရွေးဖမ်းနေ)
ယမန်နေ့ ဩဂုတ်လ ၅ ရက်နေ့ ညက စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေး အကွက် (၂) မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၆၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း စစ်တွေသတင်းရင်းမြစ်က ဆိုသည်။
ဖမ်းဆီးခံ အရပ်သားများကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းနှင့် ငွေပေးသူများကို ပြန်လည်လွှတ်ပေးနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။
” မနေ့ည ၁၀ နာရီမှာ ဆတ်ရိုးကျ အကွက် ၂ ကို ဝင်စစ်တာ။ ၁ နာရီကျော်လောက်မှ ပြီးတယ်။ တန်းလျှောက် အားလုံး ဖမ်းသွားတယ်။ အမျိုးသမီး၊ အမျိုးသား အားလုံး ပါသွားတယ်။ သမီးပျိုလေးတစ်ဦး ပါသွားလို့ မိခင်တစ်ယောက် အရမ်းငိုနေတာ။ ဧည့်စာရင်း အကြောင်းပြတာပေါ့။ အဓိက စတန (နိုင်) မဟုတ်တဲ့သူတွေကို အဓိက ဖမ်းနေတာ။ ” ဟု ပြောသည်။
စစ်၊ ရဲ ပူးပေါင်းပြီး ကား အစီး ၃၀ ခန့်ဖြင့် ဆတ်ရိုးကျရပ်ကွက်ကို ဝင်စီးကာ စစ်တွေ မှတ်ပုံတင် မဟုတ်သည့် ဒေသခံပြည်သူများကို ရွေးဖမ်းသွားကြောင်း စုံစမ်းသိရသည်။
ယနေ့ ဩဂုတ်လ ၆ ရက် နေ့လယ်အထိ ဖမ်းဆီးခံ ၆၇ ဦးထဲက တစ်ဦးတစ်ယောက်မျှ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်းနှင့် စစ်ကောင်စီက ငွေပေးရန် မိသားစုဝင်များအား ခေါ်ယူနေကြောင်း သမီးဖမ်းဆီးခံရသည့် မိခင်တစ်ဦးက ပြောသည်။
” ဘာအကြောင်းပြချက် ခိုင်ခိုင်လုံလုံမှမရှိဘဲ ကားပေါ် တက်ဆိုရင်တက်တော့ အဲလို အတင်းခေါ်သွားတာ။ ဘာအကြောင်းပြချက်မှ မပြောဘူး။ တချို့က အမှတ် ၁ ရဲစခန်းကို ထမင်းပို့ဖို့ သွားရတယ်။ ပြီးရင် ငွေတောင်းနေတယ်။ ပေးရင် ပြန်လွှတ်ပေးမယ်ပေါ့။ ” ဟု ပြောသည်။
စစ်တွေမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပိတ်မိနေသည့် ဒေသခံပြည်သူများကို ဓားစာခံ လုပ်ထားသည်သာမက အကြောင်းမဲ့ဖမ်းဆီးကာ ငွေညှစ်နေကြောင်း စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
” စစ်ကောင်စီဟာ ကျနော်တို့ကို ဓားစာခံ သတ်မှတ်တာ။ မြို့က ထွက်ခွင့်မပြုဘူး။ အဲဒါအပြင် အခု ဧည့်စာရင်း၊ ဘာညာ အကြောင်းပြတယ် ဖမ်းတယ်။ ပြီးရင် ငွေတောင်းပြီး ပြန်လွှတ်တယ်။ ဒါက သက်သက်မဲ့ ငွေညှစ်နေတာဖြစ်တယ်။ အဓိက စစ်တွေမြို့ခံမဟုတ်တဲ့ သူတွေဆီက ငွေညှစ်နေတာ။ စစ်တွေ အိမ်ထောင်စုစာရင်း မရှိတဲ့သူတွေပေါ့။ ဒေသခံတွေကတော့ စစ်ကောင်စီ လုပ်သမျှ ခံနေရတာပဲ။ ” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အ.ထ.က (၂) စာသင်ကျောင်းအနီး သတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား အပြစ်မရှိအပြစ်ရှာ၍ အငြိုးဖြင့် ရွယ်ရည်ချက်ရှိရှိ ဖမ်းဆီးနေကြောင်း သတင်းထွက်နေသည်။
တကျော့ပြန်တိုက်ပွဲစတင်သည့်အချိန်မှ လက်ရှိအချိန်အထိ စစ်တွေဒေသခံ ၁၀၀၀ ကျော်မှာ စစ်ကောင်စီထံ ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာသူ ထက်ဝက်တောင်မရှိသေးကြောင်းနှင့် ပြန်လွတ်သူအများစုမှာ ငွေပေးပြီး လွတ်လာသူများဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။