Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - WFP ထုတ်ပြန်ထားသော မြန်မာနိုင်ငံအတွင်း ရေကြီးမှုအခြေအနေနှင့် အရေးပေါ်ထောက်ပံ့ကူညီနေမှုများ။ (ဓါတ်ပုံ - WFP)

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ် ဒေသ ၅ ခုတွင် ဆက်လက်ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ကြသူ လူဦးရေ တစ်သိန်းကျော်ကိုကူညီရန် အရေးပေါ်ရေဘေးတုံ့ပြန်မှု လုပ်ငန်းတစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပြောသည်။

ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၂ သိန်းကျော် ထိခိုက်ခဲ့ ကြရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရကြောင်းနှင့် ယင်းအထဲက ၁ သိန်းကျော်ကို WFP က ကူညီထောက်ပံ့ရန် စီစဉ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာ မလုံလောက်မှု အရေးပေါ်အခြေအနေ ရောက်နေသည့် အချိန်မှာမှ ရေဘေးကဖြစ်လာရသည်ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။

“နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ပိုပြီး ထိခိုက်လွယ်တဲ့ အခြေအနေကို ရောက်ကြရတယ်။” ဟု Mr. Paolo Mattei က ဆိုသည်။

ကချင်၊ ကရင်၊ စစ်ကိုင်း၊ ပဲခူးနှင့် မကွေးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေး အထောက်အပံ့များ ပေးလျက်ရှိကြောင်း WFP ထုတ်ပြန်သည်။

WFP ၏ ထောက်ပံ့ပစ္စည်းများမှာ ငွေသား၊ ဆန်၊ အာဟာရမုန့်များနှင့် အာဟာရဖြည့် ဘီစကွ တ်များပါဝင်ပြီး ဒေသခံပရဟိတအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက် ထောက်ပံ့ပေးသွားမည်ဟု သိရသည်။

ဆက်လက်၍ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ WFP အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ