ရခိုင်ပြည် ဂွမြို့အနီးက မြန်မာ့ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော မြေဧက ၃၁၀ ကျော် ကျယ်ဝန်းသည့် ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှာ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်သွားပြီဟု ဒေသခံများက ပြောသည်။
တိုက်ပွဲမှာ ဂွမြို့အနီးသို့ ကပ်လာနေ၍ လုပ်ငန်းဆောင်ရွက်မှု အားလုံးရပ်တန့်သွားပြီး အလုပ်သမားများလည်း တစ်ယောက်မှ မရှိတော့ကြောင်း လုပ်ငန်းခွင့်အတွင်းမှ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။
” စက်ပစ္စည်းတွေကတော့ ရှိနေသေးတယ်။ အလုပ်သမားတွေ၊ အင်ဂျင်နီယာတွေက မရှိတော့ဘူး။ မိုးရာသီကာလဆိုတော့ အပြင်ပိုင်းသိပ်မလုပ်ဖြစ်ဘူး။ အတွင်းပိုင်းတွေ အဓိက ဦးစားပေးလုပ်နေကြတာ။ ကျနော်က ရွှေရတီဟိုတယ် တည်ဆောက်မှုလုပ်ငန်းခွင်ထဲပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော် နှစ်ပတ်လောက်ကနေ မရှိတော့တာ။ ဂွမှာလည်း တစ်ယောက်မှမရှိတော့ဘူးလေ။ တိုက်ပွဲကလည်း အရမ်းကပ်လာတော့ အားလုံး စစ်ရှောင်ကြတာပေါ့။ ” ဟု ပြောသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းသည် မြန်မာနိုင်ငံတွင် တစ်ခါမှ မရှိခဲ့ဖူးသော အကြီးဆုံးသော ကမ်းခြေအိမ်ရာစီမံကိန်းဖြစ်သည်ဟု Steel Stone Group က ပြောဆိုထားသည်။
Steel Stone Group က ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းကို NLD အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်နေပြီး လက်ရှိတွင် စီမံကိန်း၏ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းကို အစကောင်းပြီး အနှောင်းသေချာမည်ဟု ကုမ္ပဏီဘက်က ကြွေးကြော်စည်းရုံးခဲ့သော်လည်း လက်ရှိတွင် ဖြစ်နိုင်ခြေ အလွန်နည်းသွားပြီး အိမ်ရာမြေကွက်များ ဝယ်ယူထားသူများ စိုးရိမ်လျှက်ရှိနေကြသည်။
Second View တွင် မြေကွက်ဝယ်ယူထားသည့် မန္တလေးဒေသခံတစ်ဦးက ” ဂွဘက်မှာ ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းက အခြေအနေ မကောင်းဘူးလို့ကြားတယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေကလည်း အရမ်းပြင်းထန်နေတယ်လို့ ပြောတယ်။ အိမ်ရာစီမံကိန်းက စစ်ပွဲဇုန်းထဲ ရောက်သွားပါပြီ။ ဒီအတိုင်းဆို ကျမတို့ မြေကွက်တွေက ဆုံးရှုံးရတော့မယ်နဲ့ တူပါတယ်။ ကုမ္ပဏီဘက်ကတော့ အာမခံပေးထားတာတော့ရှိတယ်။ တစ်ခုခုဖြစ်သွားရင် ပြန်လျှော်ကြေးပေးမယ်တော့ပါတော့ပေါ့။ အခု ကုမ္ပဏီဘက်ကို မေးဖို့ လုပ်နေပါတယ်။ ” ဟု ပြောသည်။
ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း လုပ်ငန်းများအားလုံး ရပ်ဆိုင်းသွားပြီဆိုသည့် ဒေသခံများနှင့် အလုပ်သမားများ၏ ပြောဆိုချက်အပေါ် Steel Stone Group ကုမ္ပဏီသို့ Western News က မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ဖြေကြားချက်မရရှိခဲ့ပေ။
၂၀၂၂ ခုနှစ် မေလတုန်းက ULA/AA ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းမှ မြေကွက်များကို မဝယ်ယူကြရန် ဗမာတိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူများကို သတိပေးခဲ့သေးသည်။
ရခိုင်ပြည်အတွင်း AA အင်အား ကြီးထွားလာချိန် ခရိုနီစီးပွားရေးသမားများက စစ်တပ်နှင့်ပေါင်းပြီး လက်ဝါးကြီးအုပ်ထားသော မြေနေရာများကို တစ်ဖက်လှည့်ဖြင့် အကွက်ရိုက်ကာ ပြည်သူများအား ရောင်းချခြင်းဖြစ်သည်ဟု ULA/AA ထိပ်ပိုင်းခေါင်းဆောင်က ပြောဆိုဟန့်တားခဲ့ခြင်းဖြစ်သည်။
ရွှေရတီကမ်းခြေအိမ်ရာမှာ ကြယ်ငါးပွင့်အဆင့် နိုင်ငံတကာ အပန်းဖြေဟိုတယ်များ၊ လူနေအိမ်တည့်ဆောက်မည့် မြေကွက်များ၊ တောင်ပေါ်ဂေါက်ရိုက်လေ့ကျင့်ကွင်း၊ Club House များ၊ Swimming Pool များ၊ အစားအသောက်ဆိုင်တန်းများ၊ EDM ပွဲများကျင်းပနိုင်သည့် Private Party Area၊ Car Parking နှင့် Driving Range Area တို့ပါဝင်သည်။