တော်လှန်ရေးတပ်ဖွဲ့များဖြင့် စစ်ရေးပြင်းထန်နေသော ကရင်နီဒေသ (ကယား) ကို ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး ဆောင်ရွက်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၄ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိပြီး ၎င်းတို့ တပ်ဖွဲ့ဝင်များဖြင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လွိုင်ကော်မြို့နှင့် ဆက်စပ်နေရာများတွင် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော မြို့နှင့် စခန်းများအား ပြန်လည်တိုက်ခိုက် သိမ်းပိုက်ကာ ပုံမှန်အခြေအနေသို့ ရောက်အောင် သွားမည်ဟု မင်းအောင်လှိုင်က ပြောဆိုထားခြင်းဖြစ်သည်။
၂၀၂၄ သန်းခေါင်စာရင်းကိုလည်း ကယားပြည်နယ်အတွင်း ကောက်ယူသွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးကို စစ်တပ်၊ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယမန်နေ့က လွိုင်ကော်မြို့သို့ ရောက်ရှိနေချိန် စစ်ကောင်စီအခမ်းအနားလုပ်ရာနေရာသို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ၁၂၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သို့သော်လည်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံက ၁ လေးလုံးစစ်ဆင်ရေးပြုလုပ်ကာ ကရင်နီဒေသအတွင်း စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်နေကြသည်။