ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာထဲက အာဏာသိမ်း စစ်ကောင်စီက ငွေညှစ်နေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများမှာ လုပ်လစာ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ်များမှတစ်ဆင့် တရားဝင်ငွေလွှဲပြောင်းပေးရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်များ မကြာခဏ ထုတ်ပြန်ကာ တင်းကျပ်စွာ သတိပေးနေသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် သို့မဟုတ် ၃ လလျှင်တစ်ကြိမ် ၃ လစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးရမည်ဟု ဆိုသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် တရားဝင်ငွေလွှဲခြင်းမပြုပါက ပါ့စ်ပို့သက်တမ်း မတိုးပေးခြင်း၊ အလုပ်သမားကတ်မထုတ်ပေးခြင်းနှင့် ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် အချိန်ကာလ ပိတ်ပင်မည်ဟု ခြိမ်းခြောက် ငွေညှစ်နေခြင်းဖြစ်သည်။
ရွှေ့ပြောင်းလုပ်သားများမှာ တရားဝင်လမ်းကြောင်းမှ မိသားစုများထံသို့ လစာငွေမလွှဲပြောင်းပေးခြင်းမှာ စစ်ကောင်စီ၏ ငွေဈေးသတ်မှတ်ချက် အလွန်နည်းပါးခြင်းကြောင့် ဆုံးရှုံးများပြား၍ မလွှဲပြောင်းခြင်ဖြစ်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
” စစ်ကောင်စီရဲ့ ငွေဈေးက အရမ်းနည်းတော့ အောက်လမ်းက လွှဲပြောင်းရတာပေါ့။ လစာက ကျနော်တို့ရဲ့ ချွဲနဲ့စာနဲ့ လုပ်လို့ရလာတာလေ။ ငွေကျပ်တစ်သောင်းဆိုရင်တောင် ကျနော်တို့မိသားစုအတွက် အရမ်းတန်ဖိုးရှိတယ်။ တပြားမှ ဆုံးရှုံးခံလို့မရဘူး။ စစ်ကောင်စီရဲ့ ပြောဆိုချက်က ကျနော်တို့ အလုပ်သမားတွေဆီကနေ ငွေညှစ်တာပဲဖြစ်ပါတယ်။ ” ဟု ပြောသည်။
စစ်ကောင်စီ၏ တင်းကျပ်သော ထုတ်ပြန်ချက်များကြောင့် ပြည်ပရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။