မြန်မာနိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် ခန့်မှန်းခြေ လူဦးရေ ၆၃၁,၀၀၀ ထိခိုက်ခံရဖွယ်ရှိကြောင်း ယူအန်အိုချာ (မြန်မာ) က ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများထံမှ အချက်အလက်များနှင့် ရရှိနိုင်သော မီဒီယာအစီရင်ခံစာများအပေါ် အခြေခံထားပြီး ကိန်းဂဏန်းများသည် ပြောင်းလဲနိုင်သည်ဟု သိရသည်။
အဆိုပါ ရေဘေးသင့် လူဦးရေ ၆ သိန်းကျော်မှာ နေပြည်တော်၊ ပဲခူး၊ ကယား (ကရင်နီ)၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသက မြို့နယ် ၅၉ ခုမှ ဒေသခံပြည်သူများဖြစ်ကြောင်း ယူအန်အိုချာ (UNOCHA) က ဆိုသည်။
ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်ပြည်သူအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်သူများ စုစုပေါင်း လူရာပေါင်းများစွာ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်းနှင့် ယခုအချိန်အထိ နေရာအများစုသည် ရေမြုပ်နေဆဲဖြစ်သည်ဟု သိရသည်။
ရေကြီးရေလျှံမှုများကြောင့် မန္တလေးတိုင်းဒေသကြီး ၁၀ မြို့နယ်နှင့် မကွေးတိုင်း ဒေသကြီး ၆ မြို့နယ်က လူပေါင်း ၃ သိန်းကျော် ထိခိုက်ခဲ့သည်။
မြို့နယ်တစ်ခုစီတွင် ရေဘေးသင့်ပြည်သူ ဦးရေမှာ ၃၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိပြီး အပြင်းအထန် ဒုက္ခရောက်နေသူများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ယူအန်အိုချာက ဆိုသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမြေဧက ၄၀၀၀၀ နစ်မြုပ်ခဲ့ပြီး အိမ်ခြေ ၂၆၇၀၀၊ ဓာတ်တိုင် ၂၅၁ လုံး၊ စာသင်ကျောင်း ၁၁၀ လုံး၊ နိုင်ငံတော် အဆောက်အဦ ၈၀ နှင့် တံတားနှင့် လမ်းအပိုင်းအချို့ ပျက်စီးခဲ့သည်။


ရမည်းသင်းမြို့နယ်တွင် အနည်းဆုံး လူ ၃၀ ရေနစ်သေဆုံးခဲ့ပြီး လူ ၈၀ ကျော် ပျောက်ဆုံးနေကြောင်း ယူအန်အိုချာက ထုတ်ပြန်သည်။
နေပြည်တော်တွင် ရေကြီးရေလျှံမှုကြောင့် မြို့နယ်လေးခုမှ လူ ၆၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ နိုင်ငံပိုင်မီဒီယာများက ကြေညာထားသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် မြို့နယ် ၁၄ မြို့နယ်၊ ညောင်ရွှေမြို့နယ်၏ ၈၀ ရာခိုင်နှုန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများ အပါအဝင် လူပေါင်း ၇၄,၀၀၀ ခန့် ထိခိုက်ခဲ့သည်။
ကလော၊ ဆိုင်း၊ လောင်စာ၊ ပင်လောင်းနှင့် ရွှေညောင်မြို့နယ်များတွင် အပြင်းထန်ဆုံး မိုးရွာသွန်းမှုနှင့် ပြင်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များနှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်များတွင် ရေဘေးဒုက္ခသည် ၁၈၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မြို့နယ် ၅ ခုမှ လူ ၉၀၀၀၀ နီးပါး ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည်ဟု ခန့်မှန်းရပြီး ဘားအံမြို့ရှိ ယာယီကယ်ဆယ်ရေး စခန်းများသို့ လူ ၃၅,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။
“စက်တင်ဘာ ၁၁ ရက်က သံတောင်ကြီးမြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရတယ်။ ဖာပွန်နှင့် သံတောင်ကြီးမြို့နယ်ရှိ IDP စခန်းသုံးခုရှိ ယာယီတဲ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။” ဟု ထုတ်ချက်တွင် ဖော်ပြထားသည်။
ပဲခူးတိုင်း ဒေသကြီးတွင် ထန်းတပင်၊ ဥက္ကံ၊ ဖြူး၊ တောင်ငူနှင့် ရေတာရှည်မြို့နယ်များတွင် လူပေါင်း ၈၇,၀၀၀ ကျော် ထိခိုက်မှု ပြင်းထန်ခဲ့သည်။
တောင်ငူမြို့တွင် လူပေါင်း ၅၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၁၃ ခုရှိကြောင်းနှင့် တောင်ငူမြို့ခံ စေတနာ့ဝန်ထမ်းနှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း UNOCHA (ယူအန်အိုချာ) က ဆိုသည်။
ကယားပြည်နယ်တွင် မိုဘိုရေလှောင်တမံမှ ရေအလွန်အကျွံရေလျှံမှုကြောင့် မြို့နယ်(၄)ခုတွင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၉၂၀၀ နီးပါး ထိခိုက်ခံစားခဲ့ရပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် တိရစ္ဆာန်များ၊ လယ်ယာမြေများနှင့် ပိုင်ဆိုင်မှုများ သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့သည်။
မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ဘီးလင်းနှင့် ကျိုက်ထိုမြို့များရှိ လူ ၉၀၀ ကျော်အား ကယ်ဆယ်ရေးစခန်းများသို့ ယာယီရွှေ့ပြောင်းပေးခဲ့ရကြောင်း ယူအန်အိုချာ (UNOCHA-Myanmar) က ထုတ်ပြန်ပြောသည်။