Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(ရာဂိမုန်တိုင်းသတင်း သိသော်လည်း ယခုအထိ ဖြစ်မည်ဟု မမျှော်မှန်းခဲ့ကြောင်းဆို)

မြန်မာနိုင်ငံတစ်ဝှမ်း စက်တင်ဘာလ ၉ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုကို ခံနေရပြီး ရာနှင့်ချီသေဆုံးမှုနှင့် လူ ၆ သိန်းကျော် ရေဘေးသင့်နေကြောင်း သိရသည်။

မြစ်ချောင်းများအတွင်း သဲနုန်းများ အနည်ကျမှု များပြားလာခြင်းသည် မြစ်ချောင်း ကြမ်းခင်း (Bed Level) မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြို့ရွာများ၊ လမ်းကြောင်းများ၌ ရေထွက်စနစ်များ ကောင်းမွန်မှုမရှိခြင်း၊ ရေနုတ်မြောင်းစနစ်များ ကောင်းမွန်မှု မရှိခြင်းကြောင့်လည်း ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် သံလွင်မြစ်တို့တွင် ရွှေတူးဖော်ခြင်း၊ ကျောက်တူး ဖော်ခြင်းတို့ကြောင့် မြစ်အောက်ပိုင်းများတွင်နုန်းပို့ချမှုများလာသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

“မြစ်ချောင်းများ တစ်လျှောက်ကိုလည်း အရေးကြီးသည့် အစိတ်အပိုင်းအလိုက် သောင်တူးခြင်းများ ဆောင်ရွက်ရန်လိုကြောင်း” ဟု ပြောဆိုခဲ့သည်။

စက်တင်ဘာ ၇ ရက်နေ့တွင် ရာဂိမုန်တိုင်းသည် ဗီယက်နမ်နိုင်ငံကိုစတင်ဖြတ်ကျော်ခဲ့ပြီး ယင်းအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ခုလည်းဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းတို့၏ အရှိန်များကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့က မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သတိပေးထုတ်ပြန်မှုများဆောင်ရွက်ခဲ့သော်လည်း ယခု အတိုင်းအတာအထိ အချိန်တို အတွင်း မိုးသည်းထန်စွာ ရွာသွန်းမည်ဟု မှန်းဆမှုမရှိခဲ့ကြကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံထားသည်။

“မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင် တန်းများပေါ်မှ တောင်ကျ ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့ပြီး ရေစီးဆင်းရာ လမ်းကြောင်းများ တစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားခဲ့သည့် ဒေသများ၌ လွန်ခဲ့သောနှစ်ပေါင်း ၅၀ အတွင်း ယခုကဲ့သို့ ဆိုးရွားသည့်အခြေအနေ မဖြစ်ပေါ်ခဲ့ဘူးကြောင်း၊ ညအချိန်မိုးရွာသွန်းမှု များပြားပြီး ရုတ်တရက်တောင်ကျရေများ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့သဖြင့် ယခုကဲ့သို့ ထိခိုက် မှုများပြားခဲ့ရခြင်း ဖြစ်ကြောင်း” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီ နယ်မြေ၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးနှင့် မျောပါသူ ၁၂ ဦး၊ ဒဏ်ရာ ရရှိသူ ၄၇ ဦးရှိကြောင်း သိရသည်။

လူနေအိမ် ၁,၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးက တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သလို ရေဝင်နစ်မြုပ်အိမ် ၁၅၈,၃၄၃ လုံး ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယာယီဒုက္ခသည်စခန်းများတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင်သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ