Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ကို တွေ့ရစဉ်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းဝင်ရောက်လာ၍ ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံသားများ ကန့်ကွက်ဆန္ဒပြနေကြသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ထိုင်နိုင်ငံသား ၂၀ ဦးခန့်က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြသူများ တောင်းဆိုချက်မှာ ” မြန်မာတွေက ဆိုင်တွေဖွင့်တယ်၊ ထိုင်းတွေ လုပ်ရမယ့် အလုပ်တွေကို ဝင်လုပ်တယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ သံရုံးကို စာပေးပြီး ပြန်ထွက်သွားကြတယ်” ဟု ဆန္ဒပြပွဲကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသားများ အလုံးအရင်းဖြင့် ရွှေ့ပြောင်းလာမှုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့်ပတ်သက်ပြီး အဓိက ကိုင်တွယ်ဖြေရှင်းပေးရန် စစ်ကောင်စီ မြန်မာသံရုံးကို ထိုင်းနိုင်ငံသားများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

မြန်မာစစ်တပ် (စစ်ကောင်စီ) က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာ့အရေးလှုပ်ရှားသူများ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးလှုပ်ရှားသူများမှာ အိမ်နီးချင်း နိုင်ငံသို့ ရွှေ့ပြောင်းသွားကြသည်။

ယင်းအပြင် ၂၀၂၄ ဖေဖော်ဝါရီလက ထုတ်ပြန်သော စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းက လူငယ် အမျိုးသား၊ အမျိုးသမီးများမှာ ထိုင်းနိုင်ငံသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာပြီး ခိုလှုံနေကြသည်။

ဆက်လက်ပြီး စစ်အာဏာသိမ်းခြင်းကြောင့် အလုပ်အကိုင်ရှားပါးခြင်းနှင့် ဝင်ငွေနည်းခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သား အများအပြားလည်း ဝင်ရောက်လုပ်ကိုင်ခြင်းများ ရှိနေကြသည်။

ထိုင်းနိုင်ငံသားများ ကန့်ကွက်ဆန္ဒဖော်ထုတ်ခြင်းအပေါ် မဲဆောက်မြို့ရောက် မြန်မာနိုင်ငံသားတစ်ဦးက ယခုလိုတုန့်ပြန်ပြောဆိုထားသည်။

” မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ထိုင်းနိုင်ငံသားတွေအနေနဲ့ စာနာနားလည်ပေးဖို့ လိုအပ်ပါတယ်။ အိမ်နီးချင်းကောင်း မိတ်ဆွေကောင်း ပီသစေချင်ပါတယ်။ ကျနော်တို့လည်း သူများနိုင်ငံမှာ ဘယ်နေချင်ပါ့မလဲ။ ကိုယ့်နိုင်ငံ ကိုယ့်အိမ်ကိုယ့်ယာမှာ နေချင်တာပေါ့။ ဒါပေမယ့် မြန်မာစစ်တပ်က အာဏာရူးနေတာရယ်၊ မင်းအောင်လှိုင်က အာဏာရူးနေတာကြောင့် မပြောင်းချင်ဘဲ ပြောင်းလာရတာပါ။ တကယ်တန်းဆို ထိုင်းနိုင်ငံသားတွေ အစိုးရတွေက မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးကို အလေးထားပြောဆိုသင့်ပါတယ်။ စစ်အာဏာသိမ်းမှုကို ကန့်ကွက်သင့်တာပါ။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်သွားရင် အကုန်လုံးက ပြန်သွားကြမှာပါ။ ” ဟု ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံတွင် ယာယီခိုလှုံနေထိုင် အလုပ်လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံ၏ယဉ်ကျေးမှုကို ဆန့်ကျင်သော အပြုအမူများ မလုပ်သင့်ကြောင်း၊ ထိုင်းနိုင်ငံသားများ မကြိုက်သော အပြုအမူများကိုလည်း ရှောင်ရှားကာ ဧည့်သည်များအနေဖြင့် ဧည့်သည်လိုနေထိုင်ပြီး အိမ်ရှင်မငြိုငြင်စေရန် နေထိုင်သင့်ကြောင်း ထိုင်းရောက် မြန်မာတချို့က သုံးသပ်ပြောဆိုကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ