Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရေထဲခုန်ချသေဆုံးသွားသည့် ကိုမောင်ကြီး၏ ရုပ်အလောင်းအား ရှာဖွေကယ်ဆယ်လုပ်သူများကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက် ညနေစောင်းအချိန်က တွေ့ရစဉ်။ (ဓါတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း)

(စိတ်မွန်းကျပ်မှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်နိုင်ဟု သုံးသပ်)

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အမျိုးသားတစ်ဦး ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ကုလားတန်မြစ်ထဲ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

မြစ်ထဲ ခုန်ချသေဆုံးသွားသည့် အမျိုးသားမှာ အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ် ရွာဟောင်းရပ်ကွက်က ဖြစ်ကြောင်းနှင့် ၎င်းမှာ ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းမဘေး၌ မိသားစုနှင့်အတူ တဲထိုးနေထိုင် စစ်ရှောင်နေခြင်းဖြစ်သည်။

ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်စပြီး လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များနှင့် မိသားစုဝင်များက ကုလားတန်မြစ်ထဲ ရှာဖွေနေသော်လည်း ယနေ့ စက်တင်ဘာလ ၂၃ ရက် ညနေ ၅ နာရီအချိန်အထိ အလောင်းကို ပြန်ရှာမတွေ့သေးကြောင်း သိရသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက ” ကျနော်တို့ မနေ့ကနေ အလောင်းကို ပြန်ရှာနေတာ ဒီနေ့အထိပါပဲ မတွေ့သေးဘူး။ သူ့ရဲ့ ပုဆိုးကိုတော့ မြစ်ထဲက တွေ့ထားတယ်။ ကျနော်တို့ ဆက်ပြီး ရှာနေပါတယ်။ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာနှင့် ယိုးငူကျေးရွာကြား ကုလားတန်မြစ်ထဲသို့ ခုန်ချ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် ကူညီကယ်ဆယ်ရေးလုပ်သူများက ပြောဆိုကြသည်။

ကိုမောင်ကြီး ရေထဲမခုန်ချမီ နာရီပိုင်းအလိုက ၎င်းအား မိသားစုဝင်တစ်ဦးက အော်ငေါက်ဆဲဆိုမှု ပြုလုပ်ခဲ့သည်ဟု ဘဝတူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

” ကိုမောင်ကြီးက ကျမတို့ နေထိုင်တဲ့ ဒုက္ခသည်စခန်းအနီးက ရွာတစ်ရွာက အုန်းသီးတစ်လုံးတောင်းလာတယ်။ အဲဒါကို မိသားစုဝင်တစ်ဦးက ဘာဖြစ်လို့ တောင်းလာတာလဲ။ သူများဆီက ပေးမှ ကမ်းမှ စားရမှာလား။ သူတောင်းစား ဖြစ်သွားတာ မသိဘူးလား အဲသလို ပြော်ဆိုမှု လုပ်ခဲ့တယ်လို့ သိရတယ်။ ” ဟု ပြောသည်။

ကိုမောင်ကြီး ရေထဲခုန်ချ သေဆုံးခြင်းမှာ မိသားစုဝင်များ၏ ဆဲဆိုမှုတစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြားသော စိတ်ပိုင်းဆိုင်ရာ ခံစားနေရသည့် ခံစားချက်မျိုး ရှိနိုင်ကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

” ဘာကြောင့် ဆိုတဲ့ အသေးစိတ်ကိုတော့ ကျနော်တို့ မသိနိုင်ပါ။ ဒါပေမယ့် သူ့မှာ စိတ်မွန်းကျပ်စရာတွေ ရှိပုံပေါ်ပါတယ်။ စိတ်ရှုတ်ထွေးစရာ၊ ပူစရာတွေရှိလို့ အဆုံးစီရင်သွားတာလို့ သုံးသပ်ပါတယ်။ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ရှောင်နေကြသည့်ရသည့် ဒုက္ခသည်အများစုမှာ စားဝတ်နေရေး ခက်ခဲခြင်း၊ ကျန်းမာရေးမကောင်းမွန်ခြင်း၊ ကလေးငယ်များ ပညာမသင်ကြားနိုင်ခြင်း၊ နေရပ်မပြန်နိုင်ခြင်း စသဖြင့် ဒုက္ခမျိုးစုံကို ခံစားနေကြရသည်။

ကုလားတန်မြစ်ထဲ ခုန်ချသေဆုံးသွားသည့် ကိုမောင်ကြီးမှာ လူပျိုဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် ပူပန်သောက ရောက်နေသူတစ်ဦးလည်းဖြစ်ကြောင်း စုံစမ်းသိရသည်။

1 Comment

  • Zaproxy dolore alias impedit expedita quisquam.

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ